ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို ဒီနေ့ စက်တင်ဘာ ၈ ရက်နေ့ မနက် ၄ နာရီ ဝန်းကျင်လောက်မှာ တိုက်ပွမဖြစ်ဘဲ စစ်ကောင်စီက ဒုတိယအကြိမ် လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “လားရှိုး လေယာဉ်ဗုံးကြဲသွားပြီ။ မနက်တုန်းကပဲ လာကြဲသွားတာဗျ။ လူ အထိအခိုက် မရှိပါဘူး။ မိုးလုံလေလုံ အားကစားကွင်း၊ အဲထဲမှာ ကားတွေ ထားထားတာ။ ကားတွေတော့ ထိသွားတယ်” လို့ ပြောပါတယ်။
မနက် ၃ နာရီခွဲ ဝန်းကျင်ကတည်းက လေယာဉ်တွေ ဝဲနေသံ ကြားနေရကြောင်းလည်း ဒေသခံတချို့က ပြောပါတယ်။
ဒေသခံအမျိုးသားတယောက်က “ကြဲတာတော့ မနက် ၄ နာရီ ၈ မိနစ်မှာ ကြဲသွားတာ။ နယ်စပ် စည်းနား ပတ်နေတာ။ တညလုံး။ လင်းခါနီးမှ လားရှိုးကို လာချသွားတာ။ ၂ လုံးကြဲချသွားတယ်” လို့ ပြောပါတယ်။
ဒေသခံအမျိုးသမီးတယောက်ကလည်း ကားတွေဖမ်းပြီးထားတဲ့ နေရာကို ၁ လုံးကျတယ်လို့ သိရပြီး နောက် ၁ လုံးကတော့ ဘယ်နေရာကိုကျတယ်ဆိုတာ မသိရသေးဘူးလို့ ပြောပါတယ်။
နမ့်ခမ်းဘက်မှာလည်း လေယာဉ်တွေပျံဝဲသံ တညလုံးကြားနေရလို့ အိပ်မရဘဲ ထိတ်လန့်စိုးရိမ် နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၆ ရက်နေ့ မနက် ၁ နာရီခွဲလောက်ကလည်း စစ်ကောင်စီက နမ့်ခမ်းမြို့ကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ နေအိမ် အလုံး ၂၀ လောက် လုံးဝပျက်စီးပြီး ၅၀ လောက် ထိခိုက်ပျက်စီးသွားသလို အရပ်သား ပြည်သူ ၁၂ ယောက် သေဆုံး၊ ၁၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ဩဂုတ် ၃၀ ရက်နေ့ ည ၈ နာရီခွဲကျော်ကလည်း လားရှိုးမြို့မှာ တိုက်ပွဲမဖြစ်ဘဲ ဖြစ်ပွားခြင်း စစ်ကောင်စီက လေကြောင်းကနေ ၂ ကြိမ်တိုက်ခိုက်ခဲ့လို့ အမှတ် ၈ အထက်တန်းကျောင်းဆောင်တွေ ထိခိုက်ပျက်စီးခဲ့ပြီး အဲဒီကျောင်းအနီးဝန်းကျင်က ပြည်သူတွေရဲ့ နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။