ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA အုပ်ချုပ်နေတဲ့ လားရှိုးမြို့ပေါ်မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေကောင်းကောင်းအသုံးပြုနိုင်ပြီဖြစ်သလို ဂြိုဟ်တုကွန်ရက်နဲ့လည်း အခမဲ့ အသုံးပြုနိုင်တယ်လို့ MNDAA ရဲ့ ပြန်ကြားရေးဌာနဖြစ်တဲ့ ကိုးကန့်သတင်းအေဂျင်စီက ဒီနေ့ စက်တဘာ ၇ ရက်နေ့မှာ ဖော်ပြပါတယ်။
လားရှိုးစစ်ပွဲပြီးဆုံးချိန်ကစလို့ ပြည်သူတွေရဲ့ဆက်သွယ်ရေးပြဿနာတွေကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ဖို့အတွက် လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီက ဆက်သွယ်ရေးစခန်းတွေနဲ့ လိုင်းတွေ ပြန်လည်ထူထောင်ရေးအလေးထားဆောင်ရွက်ခဲ့သလို သက်ဆိုင်ရာ ဆက်သွယ်ရေး ကုမ္ပဏီတွေက ဝန်ထမ်းတွေနဲ့ ဆက်သွယ်ပြီး မြို့ပြဆက်သွယ်ရေး ကွန်ရက်ပြုပြင်ခဲ့တယ်လို့ ဆိုပါတယ်။
လိုင်းတွေပြုပြင်နေချိန်မှာ လားရှိုးမြို့ပေါ်က ရပ်ကွက်တွေမှာ ဂြိုဟ်တုကွန်ရက်နဲ့ အင်တာနက်တွေ တပ်ဆင်ပေးပြီး အခမဲ့ အသုံးပြုခွင့်ပေးထားတယ်လို့ ဆိုပါတယ်။
ကိုးကန့်သတင်းအေဂျင်စီသတင်းထောက်နဲ့ ပြုပြင်ရေးဝန်ထမ်းတွေရဲ့ စုံစမ်းလေ့လာချက်အရ ဆက်သွယ်ရေးလိုင်းဟာ လားရှိုးမြို့ပေါ်တခုလုံးကို လွှမ်းခြုံနိုင်ခဲ့ပြီး ဒေသခံပြည်သူတွေ ပုံမှန်ဖုန်းခေါ်ဆိုတာနဲ့ အင်တာနက် အသုံးပြုလာနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
နယ်မြေတချို့မှာတော့ လိုင်းမတည်ငြိမ်သေးဘဲ ပြုပြင်တာတွေကို ဆက်လုပ်နေပြီး မကြာခင်မှာ ဆက်သွယ်ရေးအပြည့်အဝလွှမ်းခြုံနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ဖော်ပြထားပါတယ်။
လားရှိုးဧရိယာစစ်ရေးအုပ်ချုပ်မှုကော်မတီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက လားရှိုးမြို့နယ်ထဲက ရပ်ရွာတွေမှာ အစားအသောက်နဲ့ တခြား ကယ်ဆယ်ရေးပစ္စည်းတွေကိုလည်း ထောက်ပံ့ဖြန့်ဝေပေးခဲ့ပြီး ဒါတွေဟာ အခက်အခဲတွေကို ယာယီပဲပြေလည်စေမှာဖြစ်လို့ ကိုယ်တိုင်ကြိုးစားအားထုတ်ကြဖို့လည်း ပြောဆိုခဲ့ပါတယ်။