Home
မြန်မာသတင်း
တိုက်ပွဲရပ်ရန် တရုတ်ကပြောပြီးနောက် လားရှိုးကို စစ်ကောင်စီဗုံးကြဲ
DVB
·
August 31, 2024
Photo Crd-Lashio Reconstruction
Photo Crd-Lashio Reconstruction
Photo Crd-Lashio Reconstruction
Photo Crd-Lashio Reconstruction

စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးခဲ့တဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ လားရှိုးမြို့ကို ဩဂုတ် ၃၀ ရက် မနေ့ည ၈ နာရီခွဲကျော်မှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံအမျိုးသမီးတယောက်က “လေယာဉ်ဗုံးက ရပ်ကွက် ၉ ဘက်ကျတာ။ ၂ နေရာကျတယ်။ အထက ၈ ကျောင်းနဲ့ အဲနားက အိမ်ထိတယ်။ လူအထိအခိုက်မရှိဘူးတော့ ကြားတယ်” လို့ ပြောပါတယ်။

အဲဒီ အထက ၈ ကျောင်းက ဘူတာဘက်၊ ၆၀၂ ထောက်ပို့တပ်တွေနဲ့နီးပြီး ရပ်ကွက် ၉ အထက ၈ ကျောင်းမှာနဲ့ အဲဒီ ကျောင်းမရောက်ခင် မီးပွိုင့်နားက နေအိမ်ကိုထိပြီး ကျောင်းထဲမှာတော့ မပေါက်ကွဲသေးတဲ့ ဗုံး ၁ လုံးကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “လူတော့ ဘာမှမဖြစ်ဘူး။ ရပ်ကွက် ၉ က အိမ်ထိတာ။ ဟိုတယ်တော့ မဟုတ်ဘူး” လို့ ပြောပါတယ်။

တိုက်ပွဲမရှိတဲ့ လားရှိုးမြို့ကို သြဂုတ် ၃၀ ရက် ည ၈ နာရီ ၄၅ မိနစ်မှာ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တယ်လို့ MNDAA နဲ့ နီးစပ်တဲ့ Lashio Reconstruction တယ်လီဂရမ် ချန်နယ်က သတင်းထုတ်ထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် လားရှိုး အမှတ် ၈ အထက်တန်းကျောင်းမှာ ဗုံး ၁ လုံး ကျရောက်ခဲ့ပြီး ကျောင်းဆောင် အများအပြားပျက်စီးခဲ့ကာ နောက်ထပ်လေကြောင်းတိုက်ခိုက်မှုက ဗုံးကတော့ အမှတ် ၈ အထက်တန်းကျောင်းနားက လူနေအဆောက်အအုံတခုနားကို ကျရောက်ခဲ့ပြီး လူနေအဆောက်အအုံ အပေါ်ဆုံးထပ် အများကြီးပျက်စီးခဲ့ပေမဲ့ လူသူထိခိုက်တာတော့ မရှိဘူးလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဩဂုတ် ၂၉ ရက်နေ့ ညနေ ၅ နာရီခွဲကျော်ကလည်း တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ နောင်ချိုမြိုနယ် အင်းဝိုင်း အမှတ် ၂ သကြားစက်ရုံဝင်းထဲက ဂိုဒေါင်ဘက်ကို လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး အဆောက်အဦနဲ့ တွဲကားတစီး ထိခိုက်ပြီး လူထိခိုက်တာတော့ မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်မဲမှာလည်း တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဩဂုတ် ၂၉ ရက်နေ့ည ၁၁ နာရီခွဲလောက်က စစ်ကောင်စီတပ်ဘက်က ဂျက်ဖိုက်တာနဲ့ ကျောက်မဲမြိုနယ်၊ ရပ်ကွက် ၁ ရဲစခန်းနဲ့  အုပ်ချုပ်ရေးရုံးအနီး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရပ်ကွက် ၁၊ ဒေသအခေါ်  ပင်ပေါလေးနဲ့ အုတ်ကျင်းထဲက နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှုတော့မရှိခဲ့ကြောင်း TNLA ဘက်က သတင်းထုတ်ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တရုတ်ဘက်က စွက်ဖက်ပြောဆိုလာပြီးနောက်ပိုင်း လားရှိုးမြို့ပေါ်ကို အခုလို ဗုံးကြဲလာခဲ့တာလည်း ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီနဲ့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ချက်ချင်းအပစ်ရပ်ဖို့နဲ့ မရပ်ဘူးဆိုရင် တရုတ်နိုင်ငံရဲ့ တုန့်ပြန်မှုကို ခံရမယ်ဆိုပြီး တရုတ်နိုင်ငံ၊ ရွှေလီမြို့၊ နိုင်ငံတော်လုံခြုံရေး ကော်မတီက အကြောင်းကြားစာပေးပို့ခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က DVB သတင်းဌာနကကိုပြော ပါတယ်။

ရွှေလီမြို့၊ နိုင်ငံတော်လုံခြုံရေးကော်မတီကပေးပိုတဲ့စာထဲမှာ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) အနေနဲ့ တိုက်ပွဲတွေကို ချက်ချင်းရပ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ တရုတ်မြန်မာနယ်စပ်ဒေသ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ တရုတ်နိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

အဲဒီအပြင် မြန်မာပြည်တွင်းမှာရှိတဲ့တရုတ်နိုင်ငံသားတွေ ပိုင်ဆိုင်မှုတွေနဲ့ ပစ္စည်းဥစ္စာတွေကို ထိခိုက်စေပြီး အန္တရာယ်ရှိတဲ့စစ်ရေးအပြုအမူကို ပပျောက်အောင်ဆောင်ရွက်ရမှာဖြစ်ပြီး အဲဒီလိုမလုပ်ဘူးဆိုရင်တော့ တရုတ်နိုင်ငံအနေနဲ့ ဆုံးမသွန်သင်တဲ့ နည်းလမ်းတွေကို ပိုမိုလုပ်ဆောင်မှာဖြစ်ပြီး ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို တအာင်းတပ်အနေနဲ့ တာဝန်ယူရမယ်လို့ ရေးသားထားပါတယ်။

ပြီးတော့ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကူညီပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အတွက် သင့်တော်တဲ့ တရားဝင်အခွင့်အရေးတွေနဲ့ အကျိုးစီးပွားရရှိစေဖို့ ကျန်းမာ‌စွာနေထိုင်ပြီး ဖွံ့ဖြိုးရေး အကောင်အထည်ဖော်ဖို့ ကူညီပေးမယ်လို့လည်း ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024