ထိုင်းနိုင်ငံကနေ ကရင်ပြည်နယ်၊ မြဝတီမြို့ဘက်ကို အင်တာနက် ကေဘယ်လ်ကြိုးတွေ တရားမဝင် သွယ်တန်းနေတဲ့ ထိုင်းအမျိုးသားတယောက်ကို ထိုင်းစစ်တပ်နဲ့ တာဝန်ရှိသူတို့က သောင်ရင်းမြစ်ကမ်းစပ်မှာ စက်တင်ဘာ ၁ ရက်က စစ်ဆေးတွေ့ရှိ ဖမ်းဆီးလိုက်ပါတယ်။
ထိုင်းနိုင်ငံဘက်ကနေ မြန်မာပြည်ဘက်ကို ဆက်သွယ်မယ့် ဝါယာကြိုးတခွေ၊ အင်တာနက်ကြိုးတခွေ၊ သံမဏိကြိုးကြီးတခွေနဲ့ သံပိုက်ချောင်း ၁၆ ချောင်း အပါအဝင် တခြား ပစ္စည်းကိရိယာ အမျိုးအစား စုစုပေါင်း ၁၁ မျိုးကို သိမ်းဆည်းရမိပြီး အသက် ၃၀ အရွယ် ထိုင်းအလုပ်သမားတယောက်ကိုလည်း ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးစစ်ဆေးနေပါတယ်။
မြန်မာနိုင်ငံ မြဝတီဘက်ခြမ်းက အသုံးပြုသူတွေအတွက် လျှပ်စစ်ဓာတ်အားနဲ့ အင်တာနက် ဝန်ဆောင်မှု ထောက်ပံ့ပေးဖို့ဖြစ်တယ်လို့ ထိုင်းတာဝန်ရှိသူတွေက ယုံကြည်ထားပြီး သံသယရှိတဲ့ ထိုင်းအမျိုးသားကိုတော့ စစ်ဆေးမေးမြန်း တရားစွဲဖို့ မဲဆောက်ရဲစခန်းကို ခေါ်ဆောင်သွားပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း ကရင်ပြည်နယ်၊ မြဝတီခရိုင် မြောက်ဘက်ရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ကာစီနို လောင်းကစားတွေနဲ့ လူကုန်ကူးမှုတွေရှိရာ ရွှေကုက္ကိုမြိုင်ဘက်ကို သွယ်တန်းမယ့် တရားမဝင် ကေဘယ်လ်ကြိုးတွေကို ထိုင်းနိုင်ငံဘက်က ဖြတ်တောက်ပစ်ခဲ့ပါတယ်။