Home
မြန်မာသတင်း
ထိုင်း အမြန်ရထားလမ်းလိုဏ်ခေါင်းထဲ ပိတ်မိနေသည့် အလုပ်သမား ၃ ဦးလုံး သေဆုံး  
DVB
·
August 30, 2024
Photo Crd-ThaiPBS

ထိုင်းအရှေ့မြောက်ပိုင်း၊ နခွန်းရာ့ချ်ဆီမားခရိုင်၊ ပါတ်ချောင့်မြို့နယ်ရှိ ဆောက်လက်စ ထိုင်း-တရုတ်အမြန်ရထားလမ်းလိုဏ်ခေါင်းထဲမှာ မြေပြိုလို့ ၅ ရက်ကြာ ပိတ်မိနေတဲ့ အလုပ်သ မား ၃ ယောက်စလုံး သေဆုံးသွားပြီလို့ ထိုင်းပြည်ထဲ ရေးဝန်ကြီး အနုထင်းချန်းဝီရကွန်းက  ဩဂုတ် ၃၀ ရက် လိုဏ်ဂူရှေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ထိုင်းပြည်ထဲရေးဝန်ကြီးက “လိုဏ်ဂူထဲပိတ်မိနေတဲ့ ကံဆိုးသူအလုပ်သမား ၃ ဦးလုံးကို တွေ့ရှိပါပြီ။ မနေ့က တယောက်၊ ဒီကနေ့ ၂ ယောက်။ သူတို့ခန္ဓာကိုယ်ကို  ဂူထဲကနေ သယ်ထုတ်ခဲ့ပါပြီ။ အသက်မရှိတော့ဘူးလို့ ဆရာဝန်က အတည်ပြုပါတယ်။ သေဆုံးရတဲ့အကြောင်း အသေးစိတ်ကိုတော့ ခွဲစိတ်စစ်ဆေးပြီးမှ ဆရာဝန်တွေထုတ်ပြန်မှာပါ။ အခု ဘန်ကောက်မဟာရာ့ချ်ဆေးရုံက ဆောင်ရွက်နေပါတယ်။ ပိတ်မိနေသူတွေ မရှိတော့တဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းကို ရုပ်သိမ်းလိုက်ပါပြီ။ ပြီးရင် မီးရထားဌာနနဲ့ ဆောက်လုပ်ရေးကုမ္ပဏီကို ပြန်အပ်ပါတယ်” လို့  ပြောပါတယ်။

ဒါ့အပြင် လိုဏ်ခေါင်းထဲပိတ်မိနေတဲ့ အလုပ်သမားကယ်ဆယ်ရေးလုပ်ငန်းတွေကို အစိုးရအနေနဲ့ ၄ ရက် အနီးကပ်လာရောက်စောင့်ကြည့်ခဲ့တယ်။ ခရိုင်ဝန်၊ မြို့နယ်မှူး၊ မီးရထားဌာန၊ အင်ဂျင်နီယာအသင်း၊ ကျန်းမာရေးဌာန စသဖြင့် ဘက်စုံလာရောက်စောင့်ဆိုင်းခဲ့ကြတယ်။ ထိုင်း ကယ်ဆယ်ရေးအဖွဲ့၊ တရုတ်ကယ်ဆယ်ရေးအဖွဲ့၊ စေတနာဝန်ထမ်းနဲ့ ဆောက်လုပ်ရေးအဖွဲ့ အားလုံး စိတ်အားထက်သန်စွာနဲ့ မနားတမ်း အစွမ်းကုန်ကြိုးစားတာကို တွေ့ရတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ရာသီဥတု အခြေအနေကို လိုက်ပြီးလုပ်ရတယ်၊ လိုဏ်ဂူထဲမှာပိတ်ဆို့နေတဲ့ မြေကြီးကို တူးလိုက်တိုင်းအပေါ်နဲ့ ဘေးနံရံကမြေတွေ ပြိုပြိုလာတယ်။ မြေကြီးတင်မက ကျောက်တုံးကျောက်ခဲကြီးတွေပါပါတယ်။ မြေမပြိုဖို့ မြေထိန်းနံရံနဲ့ အမိုးအကာ ဆောက်လုပ်ရတယ်။ ကျဉ်းမြောင်းတဲ့နေရာမှာ ဆောက်လုပ်ရတာမို့ ခက်ခဲလှပါတယ်။ အထဲမှာပိတ်မိနေတဲ့ လူတွေအပေါ် ထိခိုက်မှု မရှိအောင်၊ ကယ်ဆယ်ရေး အဖွဲ့သားတွေ အန္တရာယ်မရှိအောင် သတိထားပြီးလုပ်ရတယ်။ ကျွမ်းကျင်သူတွေရဲ့ အကြံပေးချက်ကို ယူပြီးဆောင်ရွက်ရတယ်။ အစွမ်းကုန်ကယ်တင်ဖို့ ကြိုးစားပေမဲ့ အသက်ရှင်လျက် မကယ်ထုတ်နိုင်တာကို အထူးဝမ်းနည်းပါတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

ဒီလိုအဖြစ်မျို‌ေ ဘယ်သူမှမကြုံချင်ဘူး၊ ဒါကို သင်ခန်းစာယူပြီး နောက်မဖြစ်အောင် ကြိုတင်ကာကွယ်ဖို့၊ ဖြစ်လာရင် အချိန်တိုတိုအတွင်း ကယ်တင်နိုင်ဖို့ နည်းလမ်းရှာကြံရမယ်။ သေဆုံးသူ ၃ ယောက်လုံး နိုင်ငံခြားသားတွေဖြစ်တယ်၊ သူတို့ရသင့်ရထိုက်တဲ့ နစ်နာကြေးတွေကို အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန၊ လူမှုဖူလှုံရေးဌာနက အဓိက တာဝန်ယူဆောင်ရွက်ပေးသွားမယ်။ အဘက်ဘက်က ဝိုင်းဝန်းကူညီပေးတဲ့ အဖွဲ့အစည်းအားလုံး၊ လူပုဂ္ဂိုလ်အားလုံးကို ကျေးဇူးတင်တယ်။ အားနည်းချက်တွေရှိခဲ့ရင် တောင်းပန်ပါတယ်လို့ ထိုင်းပြည်ထဲရေးဝန်ကြီးက ပြောသွားပါတယ်။ 

ထိုင်း-တရုတ် အမြန်ရထားဦမင်လိုဏ်ခေါင်းဖောက်လုပ်ရေးစီမံကိန်းမှာ ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်ညက ဟူဆင်မင် (တရုတ်နိုင်ငံသား) အလုပ်ကြပ်၊ တုံချင်မင် (ဘက်ဟိုးမြေတူး စက်မောင်းနှင်သူ) နဲ့ အမည်မသိ မြန်မာလုပ်သား (မြေသယ်ကားမောင်းသူ) အလုပ်လုပ်နေစဉ် မြေပြိုမှုဖြစ်ပွားခဲ့တာပါ။

အဆိုပါ အမြန်ရထားလမ်းဟာ ဘန်ကောက်နဲ့ နခွန်းရာ့ချ်ဆီမားခရိုင်ကို သွယ်တန်းထားပြီး နောင်တရုတ်နိုင်ငံထိပါ တိုးချဲ့ဆက်သွယ်ကူးလူးနိုင်ဖို့ ရည်ရွယ်ထားကာ ထိုင်းနဲ့တရုတ် နှစ်နိုင်ငံ ပူး ပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။

အရှည် ၁၂ ဒသမ ၂၃ ကီလိုမီတာ ရှည်လျားပြီး ၆၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကာ လာမယ့်နှစ် ဇွန်လထဲ ပြီးစီးဖို့ ရည်ရွယ်ထားပြီး ကုန်ကျငွေ ဘတ်သန်းပေါင်း ၄,၂၉၉ ခန့်ရှိမယ်လို့ ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

Source: ThaiPBS/ Thairath 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024