Home
မြန်မာသတင်း
အမြန်ရထားလမ်းလိုဏ်ခေါင်းထဲ ပိတ်မိနေသည့် အလုပ်သမား ၃ ဦးအနက် ၁ ဦး ၏ အလောင်းတွေ့ 
DVB
·
August 29, 2024
Photo Crd-TNews

ထိုင်းအရှေ့မြောက်ပိုင်း နခွန်းရာ့ချ်ဆီမားခရိုင်၊ ပါတ်ချောင့်မြို့နယ်က  ဆောက်လက်စ ထိုင်း-တရုတ်အမြန်ရထားလမ်းလိုဏ်ခေါင်းထဲမှာ   မြေပြိုလို့ ၅ ရက်ကြာ ပိတ်မိနေတဲ့ အလုပ်သမား ၃ ယောက်ထဲက  တယောက်ရဲ့အလောင်းကို တွေ့ရပြီလို့  ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင် ထိုင်းမီးရထားဌာန၊ ညွှန်ကြားရေးမှူး နိုင်းဧကရတ်ဆီအာရယန်ဖုန်းက TNews သတင်းဌာနကို ပြောပါတယ်။ 

သူတို့ကို ကယ်ထုတ်ဖို့ ထိုင်းနဲ့ တရုတ်ကယ်ဆယ်ရေးအဖွဲ့ဝင် အင်အား ၁၀၀ ကျော်က ၂၄ နာရီ မပြတ် အလှည့်ကျကြိုးစားခဲ့ကြပြီး ဩဂုတ် ၂၉ ရက် မနက် ၁၁ နာရီကျော်မှာတော့ အလုပ်သမား တယောက်ရဲ့အလောင်းကို တွေ့ခဲ့ပေမဲ့ ဘယ်သူဘယ်ဝါဆိုတာ အတည်ပြုမရသေးဘူးလို့  ဆီအာရယန်ဖုန်းက ပြောပါတယ်။

လတ်တလော အလောင်းကို ရေဒါစက်နဲ့ စကဲင်ဖတ်ရာက တွေ့တာဖြစ်ပြီး အပြင်ကို သယ်ထုတ်ဖို့ ကြိုးစားနေဆဲလို့ ဆိုပါတယ်။ 

ဩဂုတ် ၂၉ ရက် မနက် ၄ နာရီကျော်မှာ မြန်မာအလုပ်သမားမောင်းနှင်ခဲ့တဲ့ မြေသယ်ကား ဘော်ဒီကို စမ်းမိခဲ့ပြီး ရေဒါနဲ့ စကဲင်ဖတ်ရာမှာ ကားထဲ လူမတွေ့ရဘဲ ကားအောက် ၃ ပေအကွာမှာ အသက်နေတဲ့သူ ရှိနေကာ အဲဒီလူဟာ မြန်မာအလုပ်သမားလို့ ယူဆထားပြီး သူ့နောက် ၆ မီတာအကွာမှာ ဘက်ဟိုမောင်းသူ တရုတ်အလုပ်သမား၊ နောက် ၁၄ မီတာအကွာမှာ အလုပ်ကြီးကြပ်သူ တရုတ်အမျိုးသား ရှိနေတယ်လို့ သိရပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေဟာ ဥမင်လိုဏ်ခေါင်းထဲဝင်ပြီး ပိတ်မိနေသူတွေနဲ့ နီးသထက်နီးအောင် ပြိုနေတဲ့မြေတွေ တူးဆွဝင်ရောက်နေတာဖြစ်ပြီး  မြေတူးစဉ် အပေါ်က မြေကြီးနဲ့ ကျောက်ခဲတွေ ထပ်ထပ်ပြီးကျလာလို့ နောက်ထပ်ဘေးအန္တရာယ်ကြုံသူတွေ မရှိအောင် အထူးသတိထား လုပ်နေရပါတယ်။

ဆီအာရယန်ဖုန်းက “မနေ့ညနေပိုင်းက ပိတ်မိနေသူတွေနဲ့ ၁ မီတာကျော်အကွာအဝေးမှာ အထဲက ထုနှက်သံ ပေးပြီး အကူအညီတောင်းသံကြားရတယ်။ ကျောက်တုံးကြီး ခံနေတာကြောင့် ဝင်ဖို့ အခက်အခဲရှိနေတယ်၊  ကျောက်တုံးကြီးအောက်က မြေတွေကို လက်နဲ့ နည်းနည်းချင်း ယက်ထုတ်နေရတယ်”လို့ ဆိုပါတယ်။

ဒီနေ့မနက်မှာတော့ ဥမင်လိုဏ်ခေါင်းကို ဘေးဘက်ကနေ ဖောက်ဝင်ဖို့ ကြိုးစားနေပြီး  လိုဏ်ခေါင်း ပေါက်ဝမှာ လူနာတင်ကား ၂ စီး၊ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေ အသင့် စောင့်နေသလို နောက်ဆုံး ပိတ်မိသူတွေ ထွက်လာနိုင်စွမ်း မရှိက အထဲမှာသွားပြီး ဆေးကုသပေးဖို့ ပြင်ဆင် ထားတယ်လို့ သိရပါတယ်။

မနေ့က ကယ်ဆယ်ရေးလုပ်ငန်းလုပ်နေတာကို ထိုင်းပြည်ထဲရေးဝန်ကြီး၊ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးနဲ့ ခရိုင်ဝန်တွေကိုယ်တိုင် သွားရောက်ပြီး အနီးကပ်ကွပ်ကဲခဲ့ပါတယ်။

သတင်းထောက်တွေကလည်း  လိုဏ်ခေါင်းအနီးကနေရော နောက်ဆုံးရ အခြေအနေတွေကို အချိန်နဲ့ တပြေးညီတင်ဆက်နေကြပါတယ်။ 

သတင်းရေးနေချိန်အထိ  အလောင်းကို သယ်ထုတ်နိုင်ပြီလို့ Amarin TV သတင်းက ဆိုပေမဲ့ ဘယ်သူဘယ်ဝါဆိုတာ ထုတ်ပြန်ချင်း မရှိသေးပါဘူး။ 

Source: TNews/Amarin TV  

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024