Home
မြန်မာသတင်း
စည်းကမ်းချိုးဖောက်သည့် ပြည်ပအလုပ်အကိုင်အေဂျင်စီများ ဒဏ်ကြေးအပြင် အလုပ်သမား များကိုပါ ငွေပြန်ပေးရမည်
DVB
·
August 16, 2024

ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ စည်းကမ်းချိုးဖောက်ပါက အမြင့်အဆုံး ဒဏ်ကြေး အဖြစ် ကျပ် ၅ သိန်း သတ်မှတ်လိုက်သလို အလုပ်သမားတွေကိုပါ ငွေပြန်ပေးရမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ကြေညာပါတယ်။

စည်းကမ်းချိုးဖောက်တဲ့ အကြောင်းအရာအလိုက် ကျပ် ၁ သိန်းကနေ ၅ သိန်းအထိ သတ်မှတ် လိုက်တာဖြစ်ပြီး အကျိုးဆောင်လိုင်စင်မရှိဘဲ လုပ်ကိုင်တာ၊  အလုပ်ခေါ်စာမပါဘဲ စေလွှတ်ဖို့ လုပ်ဆောင်တာ၊ အလုပ်ခေါ်စာရပြီး မစေလွှတ်တာ၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူ စာချုပ်ချုပ်ပြီး သုံးလအတွင်း မလွှတ်နိုင်တာ၊ လိုင်စင်ရကုမ္ပဏီရဲ့ အသိအမှတ်ပြု လိုင်စင်မရှိဘဲ လူစုဆောင်းတာ၊ အလုပ်ခေါ်စာမရရှိဘဲအလုပ်သမားတွေကို ဆေးစစ်တာ၊ ဆေး Online တင်တာ၊ ပြည်ပအလုပ်အကိုင်အေဂျင်စီအနေနဲ့ တခြားကုမ္ပဏီ တခုခုရဲ  Letter Head သုံးတာ တွေကို စိစစ်တွေ့ရှိပါက ဒဏ်ကြေးပေးရမယ်လို့ ကြေညာချက်က ဆိုပါတယ်။

အခုလိုစိစစ်တွေ့ရှိပါက အလုပ်သမားတွေဆီက ယူထားတဲ့အကျိုးဆောင်ခရော ဒဏ်ကြေးပါ ပေးရမယ်လို့ သိရပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့အရင်က စည်းကမ်းချိုးဖောက်ရင် သတိပေးခံရတာ၊ ပြစ်မှုပေါ်မူတည်ပြီး လိုင်စင်ယာယီ ရုပ်သိမ်းခံရတာ၊ ရာသက်ပန်ရုပ်သိမ်းခံရတာတွေရှိပြီး အခု ဒဏ်ကြေးပေးပြီး ဖြေရှင်းရမယ့်သဘောဖြစ်လာတာလို့ အခုလိုကြေညာချက်နဲ့ ပတ်သက်လို့ အဲဒီ လုပ်ငန်းအသိုက်အဝန်း ပြောပါတယ်။

ပြည်ပအလုပ်အကိုင်လုပ်ငန်းရှင်တဦးက “ဝန်ကြီးဌာနအနေနဲ့ ငွေရှာကြမ်းပြီလို့တောင်ပြော ရမလိုပဲ။ အခုသတ်မှတ်ချက်တွေက သေသေချာချေစစ်ရင် လွတ်မယ့်သူ ရှားတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် အလုပ်ခေါ်စာ (Demand Letter) အတုမှန်းသိသိနဲ့ တင်ပြတာ၊ အလုပ်သမားတွေကို အလုပ်ခန့်ထားမူဆိုင်ရာသဘောတူ စာချုပ်ပါလုပ်ငန်းခွင်မဟုတ်ဘဲ တခြားလုပ်ငန်းခွင်ကို ဦးစီးဌာနရဲ့ ခွင့်ပြုချက်မရှိဘဲပို့တာ၊ အလုပ်ခေါ်စာရရှိချိန်မှာ စိစစ်ခဲ့မှု မရှိလို့ အလုပ်ခေါ်စာ အတုဖြစ်တယ်လို့ စိစစ်တွေရှိပါက အလုပ်သမားကို ငွေပြန်ပေးရမှာ ဖြစ်သလို ဒဏ်ကြေးပါဆောင်ရမှာဖြစ်ပါတယ်။

စာရွက်စာတမ်းအထောက်အထောက်တွေ သိမ်းယူပြီး မစေလွှတ်နိုင်လို့ အလုပ်သမားက ပြန်တောင်းရာမှာ ထုတ်မပေးလို့ တိုင်ကြားလာပါက အလုပ်သမားအတွက်ရော ဒဏ်ကြေးရော ပေးရမှာဖြစ်ပါတယ်။

အလုပ်သမားညွန်ကြားရေးဦးစီးဌာနက  ညွန်ကြားချက်ထုတ်တောင်းခံတဲ့ စာရင်းဇယား၊ စာရွက် စာတမ်း၊ အထောက်အထားတွေ ပေးပို့ဖို့ ပျက်ကွက်ရင် ပထမအကြိမ် ကျပ် ၁ သိန်း၊ ဒုတိယ အကြိမ် ၂ သိန်းကျပ်၊တတိယအကြိမ် ၃ သိန်းကျပ်နဲ့ လိုင်စင်သက်တမ်းကာလအတွင်းအ လားတူဖြစ်ရပ် ထပ်ပြီး ကျူးလွန်ရင် ဒဏ်ကြေးဆတိုးပေးဆောင်ရမယ်လို့ ဆိုပါတယ်။

အခုလို သတ်မှတ်ချက်တွေထဲမှာ အေဂျင်စီတွေက အလုပ်သမားတွေဆီက ကောက်ခံထားတဲ့ ငွေတွေ ပြန်ပေးရမယ်ဆိုတာဖြစ်သင့်သလို ပေးသွင်းထားတဲ့ကာလ အလိုက်အလုပ်သမားတွေ နစ်နာခဲ့ရမူအတွက်လည်း လျော်ကြေးရသင့်တယ်လို့ အလုပ်သမားတချို့က ပြောပါတယ်။

ပြည်ပရောက်မြန်မာလုပ်သားတဦးက "အလုပ်သမားတွေက အတိုးနဲ့ ငွေဆွဲပြီး အေဂျင်စီတွေကိုပေးထားရတာ။ လတွေကြာပြီးတော့မှ မသွားဖြစ်ရင် အတိုးတွေကနစ်ရော။ အဲဒီအတွက် နစ်နာကြေးရသင့်တယ်” လို့ ပြောပါတယ်။

စစ်​ကောင်စီအလုပ်သမားဝန်​ကြီးဌာနက​တော့ ဒဏ်ကြေးတွေကို ပေးဆောင်ဖို့ပျက်ကွက်ရင် လိုင်စင်ရုပ်သိမ်းတာ၊ ပြည်ပအလုပ်အကိုင် ဥပဒေပုဒ်မ ၂၉ နဲ့ အရေးယူခံရမယ်လို့လည်း သတိပေးထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013