ပုဂ္ဂလိက အလုပ်သမားတွေကို တိုးပေးတဲ့ ထောက်ပံ့ကြေး ကျပ် ၁,၀၀၀ က ရှင်းလင်းမှု မရှိကြောင်းနဲ့ တရားဝင်လစာ တိုးမြှင့်ပေးတာကိုပဲ လိုချင်တယ်လို့ အလုပ်သမားကူညီပေးရေးအဖွဲ့တွေနဲ့ အလုပ်သမားတွေက ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန၊ အနည်းဆုံးအခကြေးငွေဆိုင်ရာ သတ်မှတ်ရေး အမျိုးသားကော်မတီက ပုဂ္ဂလိက အဖွဲ့အစည်းတွေမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေရဲ့ အခြေခံလစာ ၄,၈၀၀ ကနေ အပိုထောက်ပံ့ကြေး ၁,၀၀၀ ထပ်မံတိုးမြှင့်ပေးရမယ်လို့ ဩဂုတ် ၉ ရက်မှာ ထုတ်ပါတယ်။
တဖက်မှာ အစိုးရဝန်ထမ်းတွေကို တိုးပေးတဲ့ အပိုထောက်ပံ့ကြေးနဲ့ မတူဘဲ အလုပ်သမားတွေအတွက် ထုတ်ပြန်ချက်က ရှုပ်ထွေးပြီး နားလည်ရခက်ခဲတယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ (STUM) ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ထုတ်ပြန်တာက ရှင်းတယ်လေ၊ တနေ့ကို ထောက်ပံ့ကြေး ၁,၀၀၀ ပေးရမယ်လို့ ပြောတော့ သူတို့စက်ရုံထဲမှာ အလုပ်သမားတွေ ညှိနှိုင်းထားတဲ့ အခြေခံလစာသည် ဘယ်လောက်ပဲဖြစ်နေ ၃၀,၀၀၀ တိုးသွားတယ်ပေါ့။ ဒါပေမဲ့ အဲဒီကြားထဲ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်လိုက်တာကျတော့ ဥက္ကဋ္ဌ အနိမ့်ဆုံးလုပ်ခ သတ်မှတ်ရေးကော်မတီဆိုပြီး ဝန်ကြီး လက်မှတ်ထိုးထားတာကျတော့ ၆,၈၀၀ ကို ၄၈၀၀ အပေါင်း ၅,၈၀၀ အပေါင်း လုပ်ချလိုက်တာ၊ အဲဒီလိုကျတော့ နည်းနည်း ရှုပ်ထွေးတာပေါ့နော်။ သူကလည်း တမင်ရှုပ်အောင် လုပ်တာလားတော့ မသိဘူး။ တကယ်ဆို လုပ်ခလစာနဲ့မကပ်ဘဲ ဒါက ထောက်ပံ့ကြေး သီးသန့် ၁,၀၀၀ အလုပ်သမားတိုင်းကို ပေးရမယ်လို့ လုပ်လိုက်ရင်တော့ စက်ရုံတွေမှာ သူ့နည်းသူ့ဟန်နဲ့ ပေးထားတဲ့ လစာတွေက မထိခိုက်ဘူး။ ဝန်ကြီးဌာန ထုတ်ပြန်တာတွေက ဘယ်တော့မှ မရှင်းလင်းဘူး၊ ရှင်းရှင်းလင်းလင်း မရေးဘူး။”
တချို့စက်ရုံ အလုပ်ရုံတွေမှာ ၄,၈၀၀ ထက်ပိုတဲ့ လစာတွေ ရရှိနေတဲ့ အလုပ်သမားတွေ အတွက်က အချိန်ပိုကြေး တွက်ချက်တဲ့အခါတွေမှာ နစ်နာမှုတွေရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ပထမအကြိမ်ပေးတဲ့ ထောက်ပံ့ကြေး ၁,၀၀၀ (တလ ၃၀,၀၀၀ ကျပ်) တောင် မရရှိသေးတဲ့ စက်ရုံ အလုပ်ရုံတွေ ရှိနေေသးတယ်လို့ မြန်မာနိုင်ငံ ကုန်ထုတ်နဲ့ စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ်- IWFM ကနေ သိရပါတယ်။
“အခုချိန်ထိကို အရင်က တိုးပေးထားတဲ့ ၁,၀၀၀ မရနေတဲ့ စက်ရုံတွေ ရှိသေးတယ်။ အလုပ်သမားတွေ ပိုင်ပိုင်နိုင်နိုင် ရမယ့်ဟာက အခြေခံလစာပဲပေါ့။ အခြေခံလစာ တိုးတာနဲ့အမျှ အိုတီကြေးပါ လိုက်တိုးမယ်ပေါ့နော်။ သိသိသာသာ ပိုရမယ်ပေါ့နော်။ အခုကျတော့ ၁,၀၀၀ တိုးပေးလို့ အခြေခံလစာ ၆,၈၀၀ ဖြစ်သွားပြီလို့ ပြောပေမဲ့ အလုပ်ရှင်တွေက ဘယ်လိုပေးလဲဆိုရင် အခြေခံလစာ ၄,၈၀၀ ထောက်ပံ့ကြေး ၁,၀၀၀၊ အဲဒီ ၁,၀၀၀ ကိုမှ ပြန်ပြောထားတယ်၊ အလုပ်သမားတွေကို အလုပ်ဆင်းရက်ပဲ ရမယ်၊ အလုပ်ပျက်ရက်တွေ မရဘူးဆိုပြီး အဲဒီလိုတွေဖြစ်နေတာ။”
အလုပ်သမားတွေ အနေနဲ့ကလည်း အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်နေတဲ့အတွက် အပိုဆောင်း ထောက်ပံ့ကြေးထက် တရားဝင်လစာ တိုးမြှင့်ပေးတာမျိုးကို ပိုလိုလားတယ်လို့ စက်ရုံအလုပ်သမား ကျွမ်းကျင်ဝန်ထမ်း တယောက်က ပြောပါတယ်။
“တိုးပေးတဲ့အပေါ်မှာတော့ ကောင်းတာပေါ့။ အောက်ခြေဝန်ထမ်းတွေက လုပ်အားခကလည်း နည်းတယ်လေ။ နည်းတော့ အဆင်မပြေတော့ လုပ်ငန်းခွင်ထဲမှာလည်း လူမမြဲတဲ့ ဒုက္ခကလည်း ရှိတာပေါ့။ အခြေခံစားသောက်ကုန်က မနက်စာ ဘရိတ်ဖတ် စားရင်တောင် လက်ဖက်ရည်တခွက် ၁,၃၀၀၊ ၁,၄၀၀ ဖြစ်နေတာဆိုတော့ အခြေခံလုပ်သားတွေဘက်က ကြည့်မယ်ဆိုရင်တော့ ထပ်ဆောင်းတိုးပေးနိုင်ရင်တော့ ကောင်းတာပေါ့။ ထောက်ပံ့ကြေး အနေနဲ့ မဟုတ်ဘူး၊ တရားဝင် အသိအမှတ်ပြုထားတဲ့ လစာပေါ့၊ အခုဆို ၆,၈၀၀ ဆိုရင် ၆,၈၀၀ ပဲပေါ့။ ဒါဆို ဘယ်လိုမှ ပြင်ဆင်လို့မရတဲ့ အနေအထားပေါ့။ အခု other အနေနဲ့ဆိုတော့ အကြောင်းအမျိုးမျိုးကြောင့် ပယ်ဖျက်တာ ဘာညာကလည်း ရှိနိုင်သေးတော့။”
စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ၂၀၂၃ အောက်တိုဘာလမှာ တကြိမ်၊ အခု ၂၀၂၄ ဩဂုတ်လမှာ တကြိမ် တရက်ကို ၁,၀၀၀ စီ တိုးမြှင့်သတ်မှတ်ပေးတဲ့အတွက် အလုပ်သမားတွေအနေနဲ့ အခြေခံလစာအနေနဲ့ တရက်ကို ၆,၈၀၀ ကျပ် အနည်းဆုံး ရရှိမှာလည်း ဖြစ်ပါတယ်။
ဝေဝေ