ပြည်ပကိုစေလွှတ်ထားတဲ့ မြန်မာအလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက် ပေးပို့ဖို့ ပျက်ကွက်နေတဲ့ အေဂျင်စီတွေကို လုပ်ငန်းဆိုင်းငံ့ပြီး ဒဏ်ကြေးပါ ကောက်သွားမယ်လို့ စစ်ကောင်စီသြဇာခံ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ကြေညာပါတယ်။
အေဂျင်စီတွေအနေနဲ့ ၂၀၂၃ ဧပြီမှ ဒီဇင်ဘာအထိ စေလွှတ်ခဲ့တဲ့ အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်ကို ပေးပို့ဖို့ အဲဒီဌာနက အသိပေးထားတာ ဖြစ်ပါတယ်။
လက်ရှိအချိန်အထိ ပေးပို့ဖို့ ပျက်ကွက်နေတဲ့ အေဂျင်စီတွေ ရှိနေပြီး ဇူလိုင် ၂၆ ရက် မတိုင်ခင်အထိ ပေးဖို့ ဆက်ပြီးပျက်ကွက်ရင် အရေးယူမှု စတင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တဦးက “အရေးယူမယ်ဆိုရင် အေဂျင်စီ တော်တော်များများပါမှာ။ တချို့အလုပ်သမားတွေက ပြန်ဆက်သွယ်လို့မှ မရတာ။ ဘယ်လိုအရေးယူမယ် ဆိုတာလည်း မပြောတတ်သေးပါဘူး” လို့ ပြောပါတယ်။
သက်ဆိုင်ရာဌာနရဲ့ ထုတ်ပြန်ချက်မှာ စာရင်းမပို့နိုင်တဲ့ အေဂျင်စီတွေကို လုပ်ငန်းဆိုင်းငံ့ကာလ ဘယ်လောက်နဲ့ ဒဏ်ကြေးဘယ်လောက်ကောက်မယ် ဆိုတာကိုတော့ ထည့်သွင်းဖော်ပြထားတာ မရှိပါဘူး။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက မနေ့ကအထိ ထုတ်ပြန်ထားတဲ့ စာရင်းအရ အလုပ်သမားရဲ့ ကိုယ်ရေးအချက်အလက် ပေးပို့ဖို့ ပျက်ကွက်တဲ့ အေဂျင်စီ ၂၀၀ ရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီက ပြည်ပရောက် အလုပ်သမားတွေ မိသားစုဆီ လစာရဲ့ ၂၅ ရာခိုင်နှုန်း လွှဲပို့စေရေးအတွက် ဖိအားပေး လုပ်ဆောင်နေတာဖြစ်ပြီး အမှန်တကယ် လွှဲပို့ခြင်းရှိမရှိ စာရင်းကို ကိုယ်ရေးအချက်အလက်အနေနဲ့ တောင်းနေတာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင် ရယူထားတဲ့ အေဂျင်စီ ၅၀၀ ကျော်ရှိပြီး တဝက်နီးပါးလောက်က အဲဒီကိုယ်ရေးအချက်အလက် ပေးပို့ဖို့ အခက်တွေ့နေကြတာလို့လည်း အေဂျင်စီအသိုင်းအဝိုင်းက ဆိုပါတယ်။