မန္တလေးတိုင်း၊ အမရပူရမြို့နယ်က ဆောက်လုပ်ရေးစီမံကိန်းလုပ်ငန်းခွင်မှာ တာကျိုးပေါက်တဲ့အတွက် အလုပ်သမား ၇ ယောက် ပျောက်ဆုံးနေတယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်း ကော်မတီက ထုတ်ပြန်ပါတယ်။
ဇူလိုင် ၁၄ ရက်နေ့ မနက် ၈ နာရီခွဲမှာ အမရပူရမြို့နယ်၊ ရက်ကန်းတော်ကျေးရွာ ဧရာဝတီမြစ်ကမ်းဘေးက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဖြစ်ပွားခဲ့တာပါ။
ပျောက်ဆုံးနေတဲ့ အလုပ်သမား ၇ ယောက်ဟာ အမျိုးသားတွေလို့ ယူဆထားပြီး လက်ရှိမှာ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးသမားတွေက ရှာဖွေနေတယ်လို့ သိရပါတယ်။
အမရပူရဒေသခံတယောက်က“ဧရာဝတီမြစ်ကမ်းဘေးက ဆောက်လုပ်ရေးစီမံကိန်း လုပ်ငန်းခွင်မှာပေါ့နော်။ တာပေါက်ပြီးတော့ အလုပ်သမား ၇ ယောက် ပျောက်နေတာပေါ့နော်၊ လက်ရှိတော့ ကယ်ဆယ်ရေးတွေက ရှာနေတုန်းပါပဲ။ ဘယ်လိုဖြစ်လာမလဲတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့ကလည်း အမရပူရမြို့နယ်၊ ကမ္ဘာမဲ့ကျေးရွာအနီးက ဒုဋ္ဌဝတီမြစ်အတွင်းမှာ အသက် ၁၃ နှစ်အရွယ် ယောကျ်ားလေးတယောက် ရေနစ် သေဆုံးခဲ့ပါတယ်။