ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့မှာ စက်တင်ဘာ ၆ ရက် ဒီမနက် အစောပိုင်း ၁ နာရီခွဲလောက်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁၇ ယောက်ထိမှန်ပြီး အနည်းဆုံး ၃ ယောက် သေဆုံးကြောင်း ပရဟိတအသင်းနဲ့ ဒေသခံတွေဆီက သိရပါတယ်။
ဂျက်တိုက်လေယာဉ်နဲ့ ဗုံး ၂ လုံး လာကြဲသွားပြီး နမ့်ခမ်း ပေါက်နေရပ် ပန်ပွဲဇာတ်ရုံ နောက်ကျောနဲ့ ဂေါက်ကွင်းနားက နဝရတ်ကုန်းဘက်မှာ ကျရောက် ထိမှန် ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နမ့်ခမ်း ကရုဏာ ပရဟိတအသင်း တာဝန်ရှိသူတယောက်က “ခန့်မှန်းခြေ လက်ရှိကျတော့ ၁၇ ယောက် ထိတော့ ထိသွားတယ်ဗျ။ ဆုံးတဲ့သူက ဘယ်နှစ်ယောက်ဆိုတာ မသေချာသေးဘူး။ ခဏနေမှ ကျနော်တို့ ဆေးရုံ ပြန်သွားကြည့်မယ်။ ပေါက်နေနဲ့ ဟိုကတ် ရပ်ကွက်ဘက်မှာ” လို့ DVB ကို ပြောပါတယ်။
ဒေသခံ အမျိုးသားတယောက်ကလည်း “လူထိခိုက်မှုက အတိအကျ မသိရသေးဘူး။ လောလောဆယ် ၃ ယောက် သေဆုံးတာတော့ သိတယ်။ အတိအကျ ကျနော်တို့ ရွာထိပ်က မိသားစု ၃ ယောက် သေဆုံးတယ်” လို့ ပြောပါတယ်။
ဗုံးလာကျတဲ့နေရာက နှစ်နေရာ၊ သုံးနေရာရှိပြီး အတိအကျ သိတာကတော့ ပေါက်နေရပ်ကွက် ဖြစ်တယ်လို့လည်း ပြောပါတယ်။
“အတိအကျက ညဈေး အနောက်ဘက်၊ ပွဲတွေ ဘာတွေလုပ်တဲ့ နေရာရဲ့ အနောက်ဘက်မှာ။ ပေါက်နေရပ်ကွက်ပေါ့။ တချို့က တနေရာက ဟိုကတ်မှာလို့ ပြောတယ်။ တချို့ပြောတာက ကျားဖြူ ခန်းမနားလို့လည်း ပြောနေကြတယ်။ အဲဒီနှစ်နေရာက ဘယ်ဟာသေချာလဲ မသိရသေးဘူး။”
ပြီးခဲ့တဲ့ ၂ ညလောက်က စစ်ကောင်စီဘက်က ကင်းထောက်လေယာဉ် ၂ စီးနဲ့ နှေးနှေးလေး လာဝဲသွားပြီးနောက် ၂ ညလောက်အကြာမှာ လူတွေအိပ်ပျော်နေချိန် လေကြောင်းနဲ့ ဗုံးလာကြဲသွားတာလို့ ဒေသခံက ပြောပါတယ်။
စစ်ကောင်စီဘက်ကဝောာ့ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေဘက် တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ တန်ပြန်စစ်ဆင်ရေးဆိုပြီး ရုတ်တရက် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာမျိုး ခပ်စိပ်စိပ် ပိုလုပ်လာတာ တွေ့ရပါတယ်။
တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ သိမ်းယူထားတဲ့ မြို့ရွာတွေကို သတင်းရရှိမှုနဲ့ အခြေအနေအရပ်ရပ်အပေါ် မူတည်ပြီး လိုအပ်သလို တုံ့ပြန် ဆောင်ရွက်သွားမှာဖြစ်ကြောင်း စက်တင်ဘာ ၃ ရက်က တောင်ကြီးမြို့မှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားပါတယ်။