တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပြင်ကြီးကျေးရွာမှာ စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းထိုး ဝင်ရောက်လာပြီး စက်တင်ဘာ ၂ ရက်မှာ နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သြဂုတ် ၂၉ ရက်ကလည်း စစ်ကောင်စီတပ်သားတွေက ပြင်ကြီးကျေးရွာ ပင်လယ်ပြင်ဘက်ရှိ နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးကာ ဒေသခံတွေရဲ့ တန်ဖိုးကြီးပစ္စည်းနဲ့ ဆိုင်ကယ်တွေကို ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
သြဂုတ် ၃၀ ရက်နေ့မှာလည်း ပြင်ကြီးရွာအနီး မျှော်ရစ်ကမ်းခြေဘက်မှာ စစ်ရှောင်တွေရဲ့ ကျန်ရစ်ခဲ့တဲ့ ဆိုင်ကယ်တွေကို သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ဆိုင်ကယ်တွေဆို ကားကြီးနဲ့ အပြည့်ပဲ သိမ်းသွားတယ်။ သူတို့ စစ်ကြောင်းထိုးရာတလျှောက် တိုက်ပွဲမဖြစ်ဘဲ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့နေတာ။ ပါသွားတဲ့ အိမ်တွေကလည်း ပျူတွေ လက်ညှိုးထိုးလို့ ရှို့ခံရတဲ့ အိမ်တွေပါ” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်သားတွေက ဒေသခံ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသူတွေရဲ့ စက်သုံးဆီတွေပါ ယူဆောင်သွားတယ်လို့ သူက ဆက်ပြောပါတယ်။
အခုလက်ရှိအခြေအနေမှာတော့ စစ်ကောင်စီတပ်သားတွေက ပြင်ကြီးကျေးရွာမှာ အင်အား ၄၀ ဝန်းကျင်ခန့် စခန်းချထားပြီး ပြင်ကြီးကျေးရွာအနီးတဝိုက် ကျေးရွာတွေမှာ ကင်းပုန်းဝပ်နေတယ်လို့ သိရပါတယ်။
ပြင်ကြီးကျေးရွာနဲ့ အနီးအနားဝန်းကျင်ရှိ ကျေးရွာတွေက ဒေသခံတွေဟာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။