Home
မြန်မာသတင်း
စစ်ကောင်စီ ကောက်မည့် သန်းခေါင်စာရင်း စာရင်းအမှန်ရနိုင်ခြေ နည်းပါး
DVB
·
September 9, 2024
Photo - MIP

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ဖို့ စစ်ကောင်စီက ကြိုးစားနေပေမဲ့ ထိန်းချုပ်နယ်မြေ တနေ့တခြား နည်းလာတာနဲ့ တိုက်ပွဲတွေကြောင့် စာရင်းအမှန်ရဖို့ ဖြစ်နိုင်ခြေ နည်းပါးတယ်လို့ လေ့လာသူတွေ သုံးသပ်ပါတယ်။

၂၀၁၅ မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပြီးနောက် ဩဂုတ်လကုန်ပိုင်းမှာ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်တို့မှာ သန်းခေါင်စာရင်းကောက်ယူဖို့ အကြောင်းအရာတွေကို တွေ့ဆုံပွဲတွေမှာ ပြောဆိုခဲ့တာပါ။

မလုံခြုံတဲ့နေရာတွေမှာ သန်းခေါင်စာရင်းကောက်ဖို့အတွက် လုံခြုံရေးအစောင့်အရှောက်တွေ အသုံးပြုမယ်လို့ ဒုစစ်ခေါင်းဆောင်ကလည်း စက်တင်ဘာ ၆ ရက် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

သန်းခေါင်စာရင်းကောက်ဖို့ သင်တန်းပေးတာ၊ အသိပေးကြေညာစာ ထုတ်ပြန်ကြေညာတာ စသဖြင့် သူတို့ထိန်းချုပ်နိုင်တဲ့ နိုင်ငံတဝန်း မြို့ပေါ်နေရာတွေမှာ လုပ်ငန်းဆောင်ရွက်တာတွေလည်း စစ်ကောင်စီက ပြုလုပ်နေပါတယ်။

ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်ထမ်းဆောင်ခဲ့သူတယောက်က “သူတို့က စိတ်ကူးယဉ်တာပေါ့ကွာ၊ နယ်မြေက တော်တော်နည်းနေပါတယ်။ နယ်မြေက ဒီထက် ထပ်ထပ်လျော့ဖို့ ရှိတယ်။ ခုရှိတဲ့ လက်ရှိအခြေအနေထက် ထပ်လျော့ဦးမှာလေ။ အရှိန်အဟုန်ကလည်း သိတဲ့အတိုင်းပဲ။ အခု ရခိုင် ဆိုလို့ရှိရင် လုံးဝ ဘယ်လိုမှ မရတော့ဘူး။ မှန်းချက်နဲ့ နှမ်းထွက်က မကိုက်လောက်တော့ပါဘူး။ နိုင်သမျှလေးကိုတော့ သူတို့ လုပ်မယ့်သဘော ရှိတယ်။ နောက်တနှစ်ဆိုတဲ့ အခြေအနေမှာ အများကြီး ပြောင်းလဲသွားနိုင်တယ်။ လုပ်နိုင်ရင်တော့ လောလောဆယ်ကတော့ ဧရာဝတီတိုင်းရယ်၊ ရန်ကုန်ရယ်၊ နေပြည်တော်ရယ်ပေါ့လေ၊ အဓိက တချို့နေရာလေးတွေပေါ့၊ ဒါပေမဲ့ အခုက တော်လှန်ရေးအခြေအနေက သိတဲ့အတိုင်းပဲ။ စစ်တပ်ကလည်း သိပ်ပင်ပန်းနေပြီ။ ပြောင်းပြန်ဖြစ်သွားပြီ။ စစ်တပ်ရဲ့ သဘာဝက သိတဲ့အတိုင်းပဲ မဖြစ်မနေလုပ်မှာပဲ။ အတင်းအကျပ် တွန်းထိုးလုပ်မှာပဲ။ ဒါပေမဲ့ ဘယ်လောက် ကျိုးကြောင်းဆီလျော်မှု ရှိမလဲဆိုတဲ့ ပြဿနာရှိတယ်။ နယ်မြေအခြေအနေ ဘာညာ။ သူတို့ကိုထောက်ခံမယ့် တိုင်းပြည်ကလည်း နိုင်ငံကြီး ၃-၄ နိုင်ငံလောက်တော့ ရှိတယ်။ ဒါပေမဲ့ အာဆီယံတို့ ဘာတို့ကတော့ စဉ်းစဉ်းစားစား ချင့်ချင့်ချိန်ချိန် လုပ်မှာပါ။ တရားဝင်မှုရဖို့ ဆိုတာကတော့ တော်တော်ရုန်းကန်ရမှာပါ။ PR စနစ်မဟုတ်တော့ဘူး၊ နဂိုအတိုင်းပြန်လုပ်ဖို့ ရွေးကော်က တင်ထားတယ်တဲ့။ မင်းအောင်လှိုင်က အဲဒါကို သဘောတူဖို့ စောင့်နေတယ်။ တူရမှာပဲလေ၊ မတူလို့မှမရဘဲ အခြေအနေက” လို့ ပြောပါတယ်။

နိုင်ငံတဝန်း စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတဲ့ပြည်သူ သန်းနဲ့ချီပြီး ရှိနေတာ၊ သေဆုံးသူနဲ့ ပျောက်ဆုံးသူ အများအပြား ရှိနေတာ၊ ပြည်ပထွက်ခွာတဲ့ နိုင်ငံသား သန်းနဲ့ချီရှိနေတာ၊ အချိန်နေရာမရွေး ပစ်ခတ်မှုနဲ့ တိုက်ပွဲတွေ ဖြစ်နိုင်တာ စတဲ့ အချက်အလက်တွေကြောင့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ ဖြစ်လာနိုင်ခြေ မရှိဘူးလို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က သုံးသပ်ပါတယ်။

“ရွေးကောက်ပွဲကတော့ ဖြစ်မယ်လို့ ကျနော် မယူဆဘူး။ ခု သူတို့လုပ်နေတာတွေက အိမ်တွေမှာ လူငယ်တွေ ဘယ်လောက်ရှိသေးလဲ။ အဲဒါကို ဒီကောင်တွေ သေချာ စစ်ချင်နေပုံရတယ်။ သန်းခေါင်စာရင်း အကြောင်းပြပြီးတော့ လူစစ်နေတာလို့ ယူဆတယ်။ သူတို့ လုပ်နိုင်မယ် ဆိုလည်းဗျာ ရန်ကုန်၊ မန္တလေး မြို့ပေါ်တွေလောက်ပဲ လုပ်နိုင်လိမ့်မယ်။ ဧရာဝတီတိုင်း ဖြစ်နိုင်ခြေ နည်းနည်းရှိတယ်၊ တနင်္သာရီတိုင်း သူတို့ လုပ်နိုင်ကောင်း လုပ်နိုင်လိမ့်မယ်။ သို့သော်လည်း အဲဒီလို ကွက်လုပ်လို့ရနိုင်တဲ့ အနေအထားက ကနေ့ခေတ် အခြေအနေနဲ့က တော်တော်လေးကို မအပ်စပ်ဘူးလို့ ထင်တယ်။”

သန်းခေါင်စာရင်း ကောက်ယူမယ့်အချိန်ကို လာမယ့် အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်နေ့အထိ သတ်မှတ်ထားပါတယ်။

တိုင်းပြည်တည်ငြိမ်တဲ့ အခြေအနေမှာတောင် သန်းခေါင်စာရင်းကောက်ယူရင် နေရာနှံ့အောင် အချက်အလက်စုံအောင် ကောက်ယူနိုင်ဖို့ အခက်အခဲမျိုးစုံ ရှိနေပြီး အခုလို ကာလမျိုးမှာ စာရင်းမှန်ရဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်တာတွေလည်း ရှိပါတယ်။

၂၀၁၄ သန်းခေါင်စာရင်း၊ ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းတွေ ကောက်ယူရာမှာလည်း ၁၀၀ ရာခိုင်နှုန်း အချက်အလက်ပြည့်မီအောင် မကောက်ယူနိုင်ခဲ့ပါဘူး။

လက်ရှိအချိန်မှာတော့ နိုင်ငံတဝန်း မြို့ပေါင်း ၇၈ မြို့အထိ တော်လှန်ရေးအင်အားစုတွေက သိမ်းယူထားပြီး ပိတ်ဆို့ထားနိုင်တဲ့ မြို့တွေလည်း အများအပြား ရှိနေတာပါ။

စစ်ကိုင်းနယ်ခံ နိုင်ငံရေးသမား ဦးစိုးဝင်းဆွေက “ပြည်သူလူထုအနေနဲ့ကလည်း လုံခြုံမှုမရှိတဲ့အတွက် ဟိုဘက်ရွာကိုပြေး၊ ဟိုဘက်ရွာကလူက ဒီဘက်ရွာပြန်ပြေး စသဖြင့် လှုပ်ယမ်းနေတဲ့ ကာလကို ဖြတ်သန်းနေရတာ။ ကိုယ့်နေရာ ကိုယ့်မှတ်ပုံတင်၊ ကိုယ့်အိမ်ထောင်စုစာရင်းနဲ့ ကျကျနနရှိနေတဲ့ အခြေအနေ မဟုတ်ဘူး။ ဒီလိုအခြေအနေမျိုးမှာမှ သန်းခေါင်စာရင်းကောက်ဖို့ စဉ်းစားတယ် ဆိုတာက တော်တော်လေးကို ရူးနှမ်းတဲ့လုပ်ရပ်လို့ မှတ်ချက်ပြုပါတယ်။ စစ်တပ်ဘက်ကတော့ မြို့ပြနေရာတချို့မှာတော့ သန်းခေါင်စာရင်း ကောက်ယူဖို့အတွက် လှုံ့ဆော်မှုတွေ စတင်ဆောင်ရွက်နေတယ်ဆိုတာ ကျနော်တို့ သိရတယ်။ မုံရွာမြို့ဆိုရင် လမ်းဆုံလမ်းခွတွေ၊ လူမြင်ကွင်းနေရာတွေဆိုရင် အချက်အလက်တွေ မှန်ကန်ဖို့အတွက် ပြည်သူတွေအနေနဲ့ ကူညီကြပါ၊ ပါဝင်ကြပါ ဆိုပြီးတော့ လှုံ့ဆော်တဲ့ ပိုစတာတွေ လိုက်လံကပ်တာတွေ၊ ချိတ်ဆွဲတာတွေ တွေ့နေရတယ်ပေါ့” လို့ ပြောပါတယ်။

ရွေးကောက်ပွဲတရပ် ကျင်းပနိုင်ဖို့အတွက် လူဦးရေသန်းခေါင်စာရင်း ကောက်ယူတာ၊ ပြင်ဆင်မွမ်းမံတာတွေကို အရင်ဆုံး ဆောင်ရွက်ရတာဖြစ်ပြီး ဒေသအလိုက် သတ်မှတ်ချက်တွေနဲ့အညီ မဲပေးခွင့်ရှိသူစာရင်းကို ထပ်မံ ခွဲခြားပြုစုရတာ ဖြစ်ပါတယ်။

ဒီစာရင်းတွေ ကောက်ယူဖို့အတွက် ရပ်ကျေး၊ မြို့နယ်၊ ခရိုင်၊ တိုင်းနဲ့ ပြည်နယ်အလိုက် ကျွမ်းကျင်ပညာရှင်တွေနဲ့ ဝန်ထမ်းတွေ အများအပြားလိုအပ်ပြီး အချိန်ပေးဆောင်ရွက်နိုင်မှ အနီးစပ်ဆုံး မှန်ကန်တဲ့စာရင်းကို ရတာဖြစ်ပါတယ်။

နိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲမှာ လတ်တလော စစ်ကောင်စီ အပြည့်အဝ ထိန်းချုပ်နိုင်တဲ့ မြို့နယ်ဟာ ထက်ဝက်နီးပါးလောက်ပဲ ကျန်တော့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲက မြို့နယ်တချို့၊ အလယ်ပိုင်း မန္တလေးတိုင်း၊ မြေလတ်ပိုင်း ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ တောင်ပိုင်း မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့က မြို့နယ်တချို့မှာတော့ စစ်ကောင်စီက အတင်းအကျပ် ပြုလုပ်မယ်ဆိုရင် ကွက်ကျားရွေးကောက်ပွဲ ဖြစ်လာနိုင်တဲ့ အခြေအနေတော့ ရှိနေဆဲ ဖြစ်ပါတယ်။

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024