ရန်ကုန်မှာရှိတဲ့ လူမှုကူညီရေး၊ ပရဟိတအသင်းအဖွဲ့တွေရဲ့ ကားတွေကို စစ်ကောင်စီက စစ်ဆေးမှုတွေ ပြုလုပ်ပြီး ကန့်သတ်ချက်တွေ တိုးထားတယ်လို့ သိရပါတယ်။
အဆိုပါအသင်းအဖွဲ့ကားတွေမှာ အသင်းအဖွဲ့ရဲ့ မှတ်ပုံတင်လိုင်စင်၊ တူညီဝတ်စုံ၊ အသင်းနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို တပါတည်းယူလာရမှာဖြစ်ပြီး အဲ့ဒီသတ်မှတ်ချက်တွေ ပါမလာပါက ယာဉ်ကိုပါသိမ်းယူကာ အသင်းအဖွဲ့ကိုလည်း လိုင်စင်ပယ်ဖျက်တဲ့အထိ လုပ်နေတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
“ဘာလို့ အခုနောက်ပိုင်း အစစ်အဆေးလုပ်နေတာလဲတော့ မသိဘူး။ လိုင်စင်စစ်လိုက်၊ တရားဝင်မှတ်ပုံတင်ထားတဲ့အသင်း ဟုတ် မဟုတ်၊ ယာဥ်စည်းကမ်း လမ်းစည်းကမ်းတွေလည်း မေးလို့မေး။ ယာဥ်မောင်းလိုင်စင်ပါ ပြခိုင်းတာတွေပါ လုပ်နေတာ” လို့ လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့ဝင်တယောက်က ပြောပါတယ်။
စစ်ကောင်စီဟာ လူမှုကူညီရေးအသင်းအဖွဲ့ရဲ့ ကားတွေကို မြို့တွင်းသာမကပဲ မြို့ပြင်(ရန်ကုန်စည်ပင်ယာနယ်နိမိတ်ပြင်ပ)တွေမှာ ပိုမိုစစ်ဆေးနေတဲ့အတွက် မြို့ပြင်က လူနာ ဒါမှမဟုတ် အရေးပေါ်ပို့ဆောင်ပေးရမယ့်သူ၊ Dead Body တွေကို သွားရောက်ယူဆောင်၊ ပို့ဆောင်ဖို့ အခက်အခဲတွေ ရှိလာတယ်လို့သိရပါတယ်။
အင်းစိန်မြို့နယ်က နာရေးကူညီမှုအဖွဲ့ဝင်တယောက်က “မြို့တွင်းမှာ စစ်တာက နည်းနည်း တော်သေးတယ်ဗျ။ ယာဉ်ထိန်းရဲတွေက စစ်တာများတယ်။ တခုခုလိုတာရှိရင်လည်း ညှိလိုက်ရင်ရတယ်။ မြို့ပြင်ကျတော့ စစ်သားတွေကိုယ်တိုင် စစ်တာ။ တခုခုလိုလို့ တောင်းပန်ရင်လည်း မရဘူး။ အဲဒီလိုဆိုတော့ မောင်းတဲ့သူတွေက မြို့ပြင်သွားရမယ်ဆိုရင် မသွားချင်ကြတော့ဘူး” လို့ ပြောပါတယ်။
၂၀၂၁ ခု အာဏာစသိမ်းတဲ့အချိန်ကစပြီး ရန်ကုန်တိုင်းအတွင်းရှိ လူမှုရေး ပရဟိတ အသင်းအဖွဲ့အားလုံး အမြန်ဆုံးမှတ်ပုံတင်ကြဖို့နဲ့ လိုင်စင်မဲ့ လူနာတင်ကားတွေ အသုံးမပြုဖို့ စစ်ကောင်စီက မြို့နယ်အလိုက် အကြောင်းကြားစာတွေ ဖြန့်ဝေခဲ့ပါတယ်။