ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့ ပရဟိတကူညီရေးသမားတွေဆီက စက်လှေတွေကို စစ်ကောင်စီက ခြိမ်းခြောက်အပိုင်စီးနေတာတွေရှိနေတယ်လို့ ရေဘေးကူညီနေသူဆီက သိရပါတယ်။
လက်ရှိရေဘေးကြုံနေရတဲ့ တောင်ငူမြို့၊ နေပြည်တော်လိုနေရာတွေက ရေဘေးကူညီနေသူတွေကို စစ်ကောင်စီလက်အောက်ခံ ထွေအုပ်တွေ၊ တိုင်းဌာနဆိုင်ရာတွေနဲ့ စစ်ကောင်စီတပ်သားတွေက သူတို့ စီမံခန့်ခွဲမယ်ဆိုပြီး လှေတွေကို အတင်းအဓ္မ သိမ်းယူနေတယ်လို့ ရေဘေး ကူညီနေသူတွေက ပြောပါတယ်။
တောင်ငူမှာ ရေဘေးကူညီနေသူတယောက်က “တောင်ငူ၊ စစ်တောင်းအရှေ့ဘက်ကနေရာတွေကို ကျနော်တို့က ပိတ်မိသူတွေရှိတဲ့နေရာသွားမလို့ စက်လှေမလောက်လို့ ၃ စင်း ထပ်ယူသွားတာ။ တောင်ငူမြို့က စစ်ဆေးရေးဂိတ်တွေမှာ ဌာနဆိုင်ရာ နဲ့ စစ်တပ်၊ ရဲတွေက အဓိကလိုတဲ့နေရာတွေကို ငါတို့ပို့မယ်ထားခဲ့ဆိုပြီး ယူထားလိုက်တာ။ ဘယ်နေရာလဲမေးတော့ သိစရာမလိုဘူး၊ သွားတော့ဆိုပြီး ပြောလွှတ်တာ။ လှေတွေထားခဲ့ရတယ်” လို့ ပြောပါတယ်။
တောင်ငူမြို့၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ညောင်ပင်သာနဲ့သာယာကုန်းရွာချင်းဆက်လမ်းမှာ ရေကြီးလို့ ပိတ်မိနေသူရာနဲ့ချီရှိတာကြောင့် ကယ်ဆယ်ရေးလုပ်သူတွေအနေနဲ့ စက်လှေ လိုအပ်ချက်တွေရှိနေပြီး လူများများတင်ဆောင်နိုင်တဲ့ သိန်း ၃၀၀ ကျော်တန် စက်လှေတွေဝယ်ယူဖို့ အခက်အခဲရှိနေတာကြောင့် အသင်းအဖွဲ့နဲ့ပတ်သက်သူတွေဆီက အကူအညီတောင်းပြီး လိုက်လံ ကယ်ဆယ်ပေးနေရပါတယ်။
မန္တလေးမြို့မှာ ရေဘေးကယ်ဆယ်ရေးလုပ်နေသူတယောက်က “ကယ်ဆယ်ရေးသမားတွေလည်း အတော်ပင်ပန်းနေကြပြီဗျ။ စက်လှေကမလောက်ရတဲ့ကြားထဲ ဟိုကောင်တွေက ဟိုဘက်ကို တစီးလွှတ်၊ ဒီဘက်ကိုတစီးလွှတ်နဲ့ သူတို့လွှတ်တဲ့နေရာတွေကြည့်တော့ ကျနော်တို့ ကယ်ပေးနေရတဲ့ နေရာတွေလောက် အရမ်းအခြေအနေမဆိုးဘူး။ အလျားပေရှည်ပြီး လူများများတင်နိုင်တဲ့ စက်လှေတွေကို သူတို့က ယူယူသွားတော့ တစီး ၂ ယောက်လောက်ပဲတင်နိုင်တဲ့ စက်လှေ အသေးလေးတွေနဲ့ အခေါက်ခေါက်အခါခါ ကယ်နေရတယ်ဗျ” လို့ ပြောပါသေးတယ်။
လက်ရှိမှာ တောင်ငူမြို့ စစ်တောင်းမြစ် အနောက်ဘက်ကမ်းမှာလည်း ရေကြီးနေပြီး လူသေဆုံးတာတွေပါရှိနေတယ်လို့ ရေဘေးကူညီသူတွေဆီက သိရပြီး စစ်ကောင်စီကသိမ်းယူနေတဲ့ လှေတွေနဲ့ သူတို့လူတွေကိုတော့မတွေ့ရဘူးလို့ သိရပါတယ်။
အခုနှစ်ရေကြီးမှုအတွင်း နိုင်ငံတဝန်းပြည်သူတွေ ရာနဲ့ချီသေဆုံးခဲ့ပြီး မြို့၊ ကျေးရွာ၊ ရပ်ကွက်ကနေအိမ်တွေ အများအပြားလည်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။