Home
မြန်မာသတင်း
စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သည့် ပြည်သူလူထု နေအိမ်ပေါင်း အလုံး ၁ သိန်းကျော် ရှိလာ
DVB
·
September 12, 2024

စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူလူထုနေအိမ်ပေါင်း ၁ သိန်း ကျော် ပျက်စီးခဲ့ရပြီး စစ်ကိုင်းတိုင်းကတော့ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်စုစုပေါင်းရဲ့ ၇၂ ရာခိုင်နှုန်းနဲ့ အများ ဆုံးဖြစ်တယ်လို့ Data for Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။

အဲဒီထဲမှာတော့ အခု ၂၀၂၄ ခုနှစ်အတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အလုံးပေါင်း ၂၁,၀၀၀ ကျော် ပါဝင်နေပြီး ကောလင်း၊ ကလေး၊ ဘူးသီးတောင်၊ မြင်းခြံနဲ့ မုံရွာ မြို့နယ်တွေမှာတော့ အိမ်ခြေ ၁,၀၀၀ ကနေ ၅,၀၀၀ အထိ အများဆုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခုနှစ်အတွင်းမှာပဲ နိုင်ငံတဝန်း စစ်ကောင်စီတပ်တွေက မြို့/ရွာဒေသ ၃၂၆ ခုမှာ မီးရှို့ဖျက်ဆီးမှုတွေ ကျူးလွန်ခဲ့ကြပြီး မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကောလင်းမြို့နယ်ထဲက ဒေသခံ ၃ သောင်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက ၂၀၂၁ ခုမှာ နေအိမ် ၂,၁၁၁ လုံး၊ ၂၀၂၂ ခုမှာ ၄၆,၉၃၇ လုံး၊ ၂၀၂၃  ခုမှာ ၃၁,၄၈၄ လုံး၊ ၂၀၂၄ ခု၊ ဇူလိုင်လအထိ ၂၁,၀၁၂ လုံး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒီ ၃ နှစ်အတွင်း စုစုပေါင်း ၁ သိန်းကျော်ထိ ရှိလာခဲ့တာပါ။

လအလိုက် မီးရှို့ဖျက်ဆီးခံရမှု အခြေအနေကို ကြည့်မယ်ဆိုရင်တော့ ၂၀၂၂ ခု ဒီဇင်ဘာမှာ အများဆုံးဖြစ်ခဲ့ပြီး အရပ်သားနေအိမ် ၁၀,၅၆၂ လုံး ဆုံးရှုံးခဲ့ရတယ်လို့ Data for Myanmar အဖွဲ့က ပြောပါတယ်။

အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို ရပ်တန့်ဖို့ အာဏာသိမ်း စစ်ကောင်စီကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုက်အဝန်းက ဆက်တိုက်တောင်းဆိုနေပေမဲ့ စစ်ကောင်စီတပ်တွေဟာ ဆက်လက်ပြီးတော့ ကျူးလွန်နေကြတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013