Home
မြန်မာသတင်း
သီပေါတွင် စစ်တပ်က ၂ ရက်ဆက် ဗုံးကြဲမှုကြောင့် ပြည်သူအချို့ သေဆုံးဒဏ်ရာရ
DVB
·
September 17, 2024

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့မှာ စက်တင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက် နှစ်ရက်ဆက်တိုက် နေ့ခင်းပိုင်းတွေမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ အမျိုးသားတယောက်က “သီပေါက ခုနကမှ ၂ လုံး ချသွားတာဗျ။ သီပေါက သိပ်မငြိမ်ပါဘူး။ ကျောက်မဲကတော့ အေး‌ဆေးပဲ” လို့ ပြောပါတယ်။

လေယာဉ်ဗုံးကြောင့် အရပ်သား သေဆုံးမှုရှိတယ်လို့ သိရပေမဲ့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း အခက်အခဲကြောင့် အသေးစိတ် မသိရဘူးလို့ သူက ပြောပါတယ်။

ဒေသခံ အမျိုးသမီးတယောက်က “အိမ်နားက ရီရှင်းဂိတ်ဘေး လေယာဉ်ဗုံးတလုံး ကျတယ်။ တယောက် သေတယ်။ စမ်းမာလာ ဥယျာဉ်နားလည်း တလုံးကျတယ်” လို့ ပြောပါတယ်။

ဒီနေ့ မြို့ထဲမှာ လေကြောင်းနဲ့ ဗုံးတော်တော်ကြဲသွားတယ်လို့ ‌သိရပေမဲ့ ဘယ်နားတွေ ကျ‌ရောက်ပေါက်ကွဲသလဲဆိုတာ တိတိကျကျ မသိရသေးဘူးလို့ သူက ပြောပါတယ်။

ဒေသခံ အမျိုးသားတယောက်က “ရီရှင်းကားဂိတ်ရှေ့မှာ ဆရာဦးရွှေအေး ကျောင်းရှေ့ စောင့်တဲ့ စက်ဘီးလေးနဲ့ သားအမိနှစ်ယောက် ထိပြီး သမီးဖြစ်သူ ဆုံးသွားပါတယ်။ စမ်းမာလာရှေ့မှာ TNLA စစ်သား အစောင့်တယောက်ထိပြီး ဆုံးပါတယ်” လို့ ပြောပါတယ်။

စက်တင်ဘာ ၁၅ ရက်‌ကလည်း မြို့ပြင် ကျောင်းပြိန်းကွာဘက် လေယာဉ်ဗုံးထိပြီး အရပ်သား တယောက် ထိခိုက်ဒဏ်ရာရထားတယ်လို့ သူက ပြောပါတယ်။

တိုက်ပွဲတွေက ဖြစ်နေဆဲဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်ရော စက်တင်ဘာ ၁၆ ရက်မှာပါ လေ‌ယာဉ်နဲ့ ဗုံးကြဲတဲ့အပြင် လက်နက်ကြီးပါ ပစ်ခတ်ပြီး ရွာထဲ ရပ်ကွက်ထဲ ကျကွဲတာ ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက သီပေါမှာ တိုက်ပွဲငြိမ်နေရာက စက်တင်ဘာ ၁၄ ရက်‌ကစ တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာတာဖြစ်ပြီး စက်တင်ဘာ ၁၄ ရက်ကလည်း လက်နက်ကြီး ထိမှန်တာကြောင့် တုံစင့်ဘက်က လူ‌မရှိတဲ့ နေအိမ်တအိမ် မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သီပေါမြို့‌က ဌာနဆိုင်ရာရုံးတွေ အားလုံးကို ပြီးခဲ့တဲ့ ဩဂုတ်လက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပြီး မြို့ပြင်ဘက်မှာတော့ စစ်ကောင်စီရဲ့ ခလရ ၂၃၊ ခမရ ၅၀၃ တပ်နဲ့ ခမရ ၅၀၄ တပ်တို့ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013