ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ မင်္ဂလာမူဆယ် အိမ်ရာအနီးမှာ ဒီကနေ့ စက်တင်ဘာ ၂၃ ရက် မနက်ကစပြီး တိုက်ပွဲဖြစ်ပွားနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အဲဒီအိမ်ရာဝင်းထဲမှာ တရားမဝင် အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူတွေ အများအပြား ရှိနေတယ်လို့လည်းသိရပါတယ်။
အဲဒီငွေလိမ်ဂိုဏ်းတွေကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေက လုပ်ကိုင်နေတာလို့လည်း မြို့ခံတွေက ပြောပါတယ်။
မြို့ခံတယောက်က “ပြည်သူ့စစ်တွေနဲ့ စစ်တပ် အတူလုပ်နေတဲ့ ကျားဖြန့်ကို စစ်တပ်က ပြန်ဖမ်းတာတဲ့။ သူတို့ချင်း ချနေကြတာ” လို့ ပြောပါတယ် ။
ဒီနေ့မနက် ၈ နာရီခန့်က တိုက်ပွဲစတင်ဖြစ်ပွားပြီး နေ့လယ် ၁၂ နာရီလောက်မှာ ပိုမိုပြင်းထန်လာကာ ဗုံးပေါက်ကွဲသံ၊ လက်နက်ကြီးသံတွေ ကြားနေရတယ်လို့ မူဆယ်မြို့ခံတယောက်က ပြောပါတယ်။
မူဆယ်မြို့မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ၆ ဖွဲ့ထက်မနည်းရှိပြီး အခုအခါ သူတို့အချင်းချင်း တိုက်ပွဲပြန်လည်ဖြစ်ပွားနေတာလို့ သိရပါတယ်။
မူဆယ်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းမှာ ညီနောင်သုံးဖွဲ့က တိုက်ခိုက်ဖို့ ပြင်ဆင်နေချိန် တရုတ်က ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ ဟိုင်ဂင် အပစ်ရပ်စာချုပ်ကြောင့် မတိုက်ခိုက်ဘဲ ကျန်နေခဲ့တဲ့မြို့လည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံနဲ့ အဓိကနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်ပြီး မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီဟာ မူဆယ်မြို့ပေါ်မှာသာ တပ်စွဲထားနိုင်ပြီး အုပ်ချုပ်ရေးယန္တရားလည်း ကောင်းမွန်စွာ မလည်ပတ်တော့ဘူးလို့ မူဆယ်မြို့ခံတွေက ပြောပါတယ်။
ဒီကနေ့ တိုက်ပွဲဖြစ်နေတဲ့ မင်္ဂလာမူဆယ်အိမ်ရာဟာ တရုတ်နိုင်ငံနယ်စပ်အနီးရှိပြီး တရုတ်နိုင်ငံထဲက ကျယ်ဂေါင်မြို့နဲ့ ရွှေလီမြစ်သာ ခြားထားတာ ဖြစ်ပါတယ်။