ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး သင်တန်းကို စက်တင်ဘာ ၂၃ ရက်မှာ ဖွင့်လှစ်ပြီး စစ်တပ်က သင်တန်းပေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စစ်ကောင်စီက မြို့နယ်အတွင်းမှာရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့၊ တပ်ထောက်ခံသူ၊ အငြိမ်းစား စစ်မှုထမ်းဟောင်းတွေကို ရွေးချယ်ကာ သင်တန်းပေးပြီး သင်တန်းသားဦးရေမှာ နည်းပါးတယ်လို့ မြို့မရပ်ကွက်နေသူတယောက်က ပြောပါတယ်။
“ရဲမွန်တပ်မှာ သင်တန်းပေးတာ၊ အုပ်ချုပ်ရေးနဲ့ စစ်မှုထမ်းဟောင်းတွေပဲ သွားတက်တာ၊ အပြင်လူမပါဘူး။ အဲဒီလူတွေကနေတဆင့် သင်တန်းပြန်ပေးမယ်နဲ့တူတယ်။”
ရဲမွန်တပ်နယ်ထဲမှာ ဖွင့်လှစ်တဲ့ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး သင်တန်းကို အဓိက ပံ့ပိုးသူတွေမှာ ကြံ့ခိုင်ရေးပါတီကဖြစ်ပြီး နေ့စဥ်လှူဒါန်းနေတာလို့ ပါတီဝင်တယောက်က ပြောပါတယ်။
“ပြည်ခိုင်ဖြိုးက သူ့အသက်လုံခြုံရေးအတွက် ပံ့ပိုးတာ၊ ဆန်တွေ ဆီတွေ စားသောက်ကုန်တွေ ပံ့ပိုးတယ်၊ ငွေလည်းပေးတယ်၊ မနေ့ကတောင် လှည်းကူးခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်မျိုးနိုင် လာလှူသွားတယ်။”
လူဦးရေတသိန်းကျော်ရှိတဲ့ လှည်းကူးမြို့ကို သင်တန်းပေးရာမှာ ကနဦးအနေနဲ့ အုပ်ချုပ်ရေးအဖွဲ့ စစ်တပ်က သင်တန်းပေးတာဖြစ်ပြီး အဲဒီလူတွေကတဆင့် ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ပြန်သင်ပေးပြီး ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေ ပြန်ဖွဲ့ပေးမှာပါ။
လှည်းကူးမြို့နယ်မှာ ရပ်ကွက် ၅ ရပ်ကွက်နဲ့ ကျေးရွာ ၅၂ ရွာရှိတဲ့အတွက် ပလဖအဖွဲ့ ၅၇ ဖွဲ့ ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။