Home
မြန်မာသတင်း
ပုလဲက ပျူရွာကို လေကြောင်းဖြင့် ရိက္ခာခဲယမ်းချပေး၊ ငဖဲတွင် စစ်ကြောင်းထိုးသဖြင့် ရွာလုံးကျွတ် ထွက်ပြေး
DVB
·
September 29, 2024

မကွေးတိုင်း၊ ငဖဲမြို့နယ်က လိုင်ကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက် တပ်စွဲနေတာကြောင့် ဒေသခံအားလုံးနီးပါး ထွက်ပြေးနေရပြီး စစ်ကိုင်တိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးပျူရွာကို စစ်ကောင်စီက စက်တင်ဘာ ၂၈ ရက်နေ့မှာ လေယာဉ်ပေါ်ကနေ ရိက္ခာထုပ်နဲ့ လက်နက်ခဲယမ်းတွေ ချပေးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပုလဲမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က ပုလဲမြို့ပေါ်၊ အင်မထီးရွာ၊ ဇီးဖြူကုန်ရွာနဲ့ ကန့်ဒေါင့်ရွာ စတဲ့နေရာမှာပဲ စိုးမိုးထိန်းထားနိုင်ပြီး အဲဒီနေရာတွေကို ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့တွေ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ပိတ်ဆို့ထားတာကြောင့် စစ်တပ် ထောက်ခံတဲ့ပျူတွေနဲ့ စစ်ကောင်စီတပ်တွေ ရိက္ခာပြတ်တောက်နေတာပါ။

ရိက္ခာပြတ်တောက်ချိန်ကြာလာတာနဲ့အမျှ ရပ်တည်ဖို့မဖြစ်နိုင်တော့တဲ့အတွက် ပုလဲ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီ အလင်းဝင်ရောက်လာသူတွေလည်း ရှိနေတာကြောင့် စစ်တပ်ဘက်ကို ထောက်ခံသူဦးရေ နည်းလာနေပြီလို့လည်း ပုလဲ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တွေက ပြောပါတယ်။

ပုလဲမြို့နယ် ပအဖ အဖွဲ့ဝင် ကိုကျော်စိုးဝင်းက “ဒီနေ့ ပုလဲမြို့နယ်၊ အင်မထီးရွာကို စစ်တပ်က Y12 အမျိုးစားလေယာဉ်နဲ့  ရိက္ခာ၊ လက်နက်ခဲယမ်းလို့ ယူဆရတဲ့အထုပ်တွေ လေယာဉ်ပေါ်ကနေ ချသွားတယ်ဗျ။ လေယာဉ်နဲ့ အင်မထီးရွာပေါ်ကနေ ၁၂ ကြိမ်ဝဲပြီး လက်နက်ခဲယမ်းနဲ့ ရိက္ခာထုပ်တွေ ၉ ကြိမ်တိတိ ကြဲချသွားတယ်ဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီချိန်စလို့ ၂၀၂၁၊ ၂၂ နဲ့ ၂၃ နှစ်တုန်းက စစ်တပ်ကို ထောက်ခံတဲ့ ပျူရွာက ပျူစောထီးတွေဟာ စစ်ကောင်စီစစ်တပ်စစ်ကြောင်းနဲ့အတူ လိုက်ပါပြီး ဒေသတွင်း အနီးအနား ကျေးရွာတွေက ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေ လုယူတာမျိုးကို လုပ်ခဲ့ပြီး အခု ၂၀၂၄ ခုနှစ်စပိုင်းကစလို့ စစ်တပ်ဟာ မြေပြင်စစ်ကြောင်းမထိုးနိုင်တာကြောင့် ရိက္ခာပြတ်လပ်လာတာ ဖြစ်ပါတယ်။

အင်မထီးရွာနားက ဒေသခံတယောက်က “ကျနော်တို့ပုလဲနယ်က အင်မထီးပျူရွာကို စစ်တပ်က ရိက္ခာလာချတာဟာ ဒါပထမဆုံးအကြိမ်ပဲဗျ။ စစ်တပ် ထောက်ခံတဲ့ ပျူတွေကတော့ အငတ်ဘေးဆိုက်နေကြပြီ။ အရင်ကတော့ မြိုင်နယ်ဘက်၊ ဆားလင်းကြီးနယ်ဘက်ကနေ စကစ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းနဲ့ပူးပေါင်းပြီး ပြည်သူရိက္ခာလုပြီး စားသောက်ကြတာပေါ့။ အခုကျတော့ သူတို့ပထွေးစစ်တပ်က မြေပြင်စစ်ကြောင်းလည်း မထိုးနိုင်တော့ ငတ်နေကြပြီ။ အခုလည်း သူတို့ ဘယ်လောက် စားရမလဲ။ ပြည်သူနဲ့ ဆန့်ကျင်ဘက်‌ နေတဲ့ကောင်တွေ ငတ်နေတာ ဝမ်မနည်းပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီ လော်ဘီတယ်လီဂရမ်ချန်နယ်တွေမှာတော့ ပျူရွာတွေမှာ ရိက္ခာပြတ်ပြီး အခက်အခဲဖြစ်နေကြောင်း စစ်ခေါင်းဆောင်ကို အပြစ်တင် ပြောဆိုခဲ့တာတွေ ရှိနေပါတယ်။

မကွေးတိုင်း၊ ငဖဲမြို့နယ်က လိုင်ကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက် တပ်စွဲနေတာကြောင့် ဒေသခံပြည်သူအားလုံးနီးပါး ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ ရွာခံအမျိုးသမီးတယောက်က “နေဝင်ခါနီးအချိန်ပေါ့။ သူတို့ စစ်သားတွေအများကြီး ရွာထဲ ဝင်လာကြတယ်။ ရွာထဲဝင်လာကတည်းက အေးအေးချမ်းချမ်း ဝင်လာတာမဟုတ်ဘူး။ သေနတ်တွေဖောက်ပြီး ဝင်လာကြတာ။ ဓားပြတွေကျလို့။ ​ရွာကသူတွေက ပြေးနိုင်တဲ့သူ​တွေ ပြေးကြတာ။ သက်ကြီးရွယ်အို အဘိုး အဘွားတွေနဲ့ ကျမတို့ မိန်းမတွေလောက်ပဲ ရွာမှာ ကျန်ခဲ့တယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ လိုင်ကျေးရွာအတွင်းက ပြည်သူပိုင် နေအိမ်တွေအတွင်းကို ဝင်ရောက်ပြီး ဆန်၊ ဆီ၊ ရွှေ၊ ငွေ၊ ဖုန်းနဲ့ တနိုင်သယ်ယူနိုင်သမျှ သယ်ယူနေကြတယ်လို့လည်း ပြောပါတယ်။

အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ ငဖဲမြို့နယ်အခြေစိုက် ကပစ ၁၄ ကဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်အင်အား ၂၀၀ နီးပါး ပါဝင်တယ်လို့ ဆိုပါတယ်။

ထွက်ပြေးလာတဲ့ရွာခံတယောက်က “အခုလဆန်းပိုင်းက ဘုံးဘောရွာတွေဘက်ကို တပ်မ ၈၈ က စစ်ကြောင်းထိုးတော့ ရွာသားတွေကိုဖမ်းသွားသေးတယ်။ ကျုပ်တို့လည်း အဲဒီလို ဖမ်းခေါ်သွားမှာ ကြောက်လို့ ပြေးလာကြတာပါ။ အခုတော့ အဆင်ပြေတဲ့နေရာမှာ အဆင်ပြေသလို နေရတာပေါ့ဗျာ” လို့ ပြောပါတယ်။

စက်တင်ဘာ ၂၈ ရက် ညနေပိုင်းအထိ လိုင်ကျေးရွာထဲမှာ စစ်ကောင်စီစစ်ကြောင်း ရှိနေသေးတဲ့အတွက် ထွက်ပြေးလာကြသူတွေဟာ မပြန်ရဲသေးဘဲ တောတောင်တွေ၊ တောင်ယာခင်းတွေထဲမှာ ဖြစ်သလို ညအိပ် နေထိုင်နေကြရတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ လိုင်ကျေးရွာဟာ အိမ်ခြေ ၃၀၀ ဝန်းကျင်နဲ့ လူဦးရေ ၁,၀၀၀ ကျော် နေထိုင်ကြပြီး ချင်းလူမျိုးတွေအများဆုံးနေထိုင်တဲ့ ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024