စစ်ကောင်စီတပ်ဟာ လားရှိုးမြို့ပေါ်နဲ့ ကျေးရွာတွေက အရပ်သားပစ်မှတ်တွေကို ၁ လ ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၉ ကြိမ်ပြုလုပ်ခဲ့လို့ အရပ်သား သေဆုံးတာတွေလည်း ရှိနေတာကြောင့် ဒေသခံပြည်သူတွေ အိုးအိမ်စွန့်ခွာပြီး ဘေးကင်းရာကို ထပ်မံတိမ်းရှောင်နေကြရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့မြို့တော် လားရှိုးမြို့ကို MNDAA ကိုးကန့်တပ် ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ်၊ သြဂုတ် ၃ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။
အဲဒီ နောက်ပိုင်း မြို့ဟာ လူစည်းကားစပြုနေချိန်မှာပဲ စစ်ကောင်စီတပ်က ဖျက်အားပြင်းဗုံးတွေသုံးပြီး လားရှိုးမြို့ပေါ်ကို ၇ ကြိမ်၊ ကျေးရွာတွေဘက်ကို ၂ ကြိမ် ဗုံးအလုံးရေပေါင်း ၃၀ ကျော် ကြဲချတိုက်ခိုက်ခဲ့လို့ အရပ်သား ၃ ယောက် သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ပြည်သူတွေမှာ အိုးအိမ်စွန့်ခွာပြီး ဘေးကင်းရာကို ထပ်မံ တိမ်းရှောင်နေကြရတာပါ။
ဒေသခံတယောက်က “မြို့ကလူတွေ ပြန်ထွက်တာပေါ့။ ၉ ကြိမ်ရှိပြီလေကြဲတာ။ ဟိုတလော ပြန်ဝင်လာတာ ၂၀ ရာခိုင်နှုန်းရှိတယ်။ အခု ၁၀ ရာခိုင်နှုန်းပြန်ထွက်သွားပြီ” လို့ ပြောပါတယ်။
လားရှိုးမြို့ကို ကိုးကန့်တပ်နဲ့ တော်လှန်ရေးအင်းအားစုတွေက ထိန်းချုပ်ပြီးနောက် မြို့ပြန်လည်ထူထောင်ရေးနဲ့ အုပ်ချုပ်ရေးယန္တရားတွေကို မြို့နေလူထုတွေနဲ့အတူ ဆောင်ရွက်နေတာပါ။
လားရှိုးမြို့မှာ ဖုန်းလိုင်း၊ လျှပ်စစ်မီးနဲ့ အင်တာနက်လိုင်းတချို့ပြန်ရလို့ မြို့သိမ်းတိုက်ပွဲကာလက အိုးအိမ်စွန့်ခွာပြီး ဘေးကင်းရာမြို့တွေကို တိမ်းရှောင်သွားကြသူတွေ မြို့ကိုပြန်လာနေထိုင်ကြလို့ မြို့ဟာ ပြန်လည်စည်ကားစပြုနေပြီ ဖြစ်ပါတယ်။
ဒေသခံတယောက်က “အရင်က လားရှိုးမှာနေမလို့ပဲ။ အဲဒါအမေတို့က ဘယ်လိုလုပ်နေမှာလဲတဲ့။ အခြားမှာ သွားနေမယ်တဲ့။ ကြောက်တာပေါ့ သေမှာကတော့” လို့ ပြောပါတယ်။
လားရှိုးမြို့အပြင် သိန္နီ၊ ကွမ်းလုံ၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ ကုန်းကြမ်း၊ ဖောင်းဆိုင်၊ မုံးကိုးနဲ့ ကြူကုတ်(ပန်ဆိုင်း)ကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ MNDAA ကိုးကန့်တပ်ဟာ စက်တင်ဘာလ ၄ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး ဒီထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်တာလုံးဝပြုလုပ်မှာမဟုတ်ဘဲ စစ်မြေပြင်ချဲ့ထွင်တာ၊ တောင်ကြီးနဲ့ မန္တလေးမြို့တို့ကို တိုက်ခိုက်တာ လုံးဝလုပ်မှာ မဟုတ်ကြောင်းအပြင် တရုတ်နိုင်ငံက မြန်မာနိုင်ငံရေးကို ကြားဝင်စေ့စပ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
ခွန်ဇော်ဦး