စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ လားရှိုးမြို့ကို စက်တင်ဘာ ၂၅ ရက် မနက် ၂ နာရီခွဲ ဝန်းကျင်မှာ စစ်တပ်က လေယာဉ်နဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အဆောက်အဦတွေ ပျက်စီးသွားတယ်လို့ ဒေသခံတွဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတယောက်က “အေတီ တပ်ဦးကျောင်းနဲ့ အေတီနားက နည်းပညာ အထက်တန်းကျောင်းပါ။ လူထိခိုက်မှု မရှိဘူး။ နည်းပညာ အထက်တန်းကျောင်းက အဆောက်အဦတချို့ ပျက်စီးသွားတယ်။ ဘုန်းကြီးကျောင်းဝင်းတွေထဲကျတော့ ပျက်စီးမှု မရှိဘူးဗျ” လို့ ပြောပါတယ်။
စက်တင်ဘာ ၂၅ ရက် မနက် ၂ နာရီ ၁၅ မိနစ်မှာ တကြိမ်၊ ၂ နာရီ ၁၈ မိနစ်မှာ တကြိမ်၊ ၂ နာရီ ၂၂ မိနစ်မှာ တကြိမ် လေယာဉ်ဗုံးကြဲချခဲ့ပြီး ရပ်ကွက် ၁၂ နည်းပညာအထက်တန်းကျောင်းမှာ ၁ လုံး၊ အေတီ တပ်ဦးကျောင်းဝင်းထဲ ၂ လုံး ကျခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
“လားရှိုး အေတီနား။ ကိုယ်တွေနဲ့က နီးတယ်။ မီးဆိုင်းက ဖန်သီးတွေပါ ကြွေကျတယ်။”
အေတီဘက်က ဘုန်းကြီးကျောင်းနဲ့ စက်မှုကျောင်း (နည်းပညာအထက်တန်းကျောင်း) ထိတယ်လို့ သိရပြီး ဗုံးကြဲသွားပြီးနောက်လည်း လေယာဉ်ဝဲနေတယ်လို့ ပြောပါတယ်။
စက်တင်ဘာ ၂၄ ရက် မနက် ၁ နာရီခွဲလောက်ကလည်း လားရှိုး ရပ်ကွက် ၂ ရှိ ရထိုက်ဟိုတယ်နဲ့ Golden Sunflower ဟိုတယ်မှာ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့ရာ အရပ်သားပြည်သူ ၉ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး နောက်ထပ် မနက် ၄ နာရီ ဝန်းကျင်ခန့်ကလည်း ပေါင် ၅၀၀ ဗုံး ၂ လုံး ထပ်မံကြဲချခဲ့လို့ ရပ်ကွက် ၂ ပွင့်သစ်အအေးဆိုင် လမ်းကြားမှာ ကျပြီး အမျိုးသမီးတယောက် သေဆုံးကာ Family Cafe အနီးတဝိုက်ရှိ နေအိမ်၊ အဆောက်အဦ အများအပြား မီးလောင်ပျက်စီးခဲ့ပါတယ်။
ဩဂုတ် ၃၀ ရက်ကနေ စက်တင်ဘာ ၂၅ ရက် မနက်ပိုင်းအထိ စစ်ကောင်စီက လားရှိုးမြို့ပေါ် လေကြောင်းနဲ့ ၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတွေ သေဆုံးခဲ့ရပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့သလို နေအိမ်အဆောက်အဦတွေလည်း အများအပြား ထိခိုက်ပျက်စီးခဲ့ပါတယ်။