အမေရိကန်နဲ့ အနောက်အုပ်စုက အကြမ်းဖက်စစ်ကောင်စီကို စီးပွားရေးပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့သလို တရုတ်ကလည်း နယ်စပ်ဒေသက မြန်မာတိုင်းရင်းသားပြည်သူတွေကို စီးပွားရေးပိတ်ဆို့ကာ မြန်မာပြည်သူတို့ရဲ့ နွေဦးတော်လှန်ရေးအပေါ် ထိုးစစ်ဆင်လာပါတယ်။
စစ်ကောင်စီက ရှမ်းမြောက်ဒေသ အပစ်အခတ်ရပ်စဲရေး ဟိုင်ဂင်သဘောတူညီချက်ကို ချိုးဖောက်ကာ တဖက်သတ် ရန်စတိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဒုတိယအကျော့ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး မကြာမီ စစ်ကောင်စီ အရှုံးပြလာပြန်တဲ့အခါ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့ ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေကို တရုတ်က ပိတ်ပစ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ်တကြောက တိုင်းရင်းသားပြည်သူတွေရဲ့ဘဝကို စတင်ခြိမ်းခြောက်ခဲ့တယ်။ အဲဒီနယ်စပ်ဒေသက မြန်မာပြည်သူတွေဟာ တရုတ်ကနေ ဝင်လာမယ့် စားနပ်ရိက္ခာနဲ့ လူသုံးကုန်တွေကို မှီခိုနေရတာကြောင့် တရုတ်က ပြတ်သားစွာ လည်မျိုညှစ်ကာ မေးခွန်းထုတ်လိုက်တယ်။
တရုတ်က TNLA နဲ့ MNDAA ကို ငါတို့ပြောသလို လုပ်မှာလားလို့ မေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။ တရုတ်က သူ့ရဲ့အလိုအတိုင်း လိုက်လျောဖို့ တောင်းဆိုတယ်။ တရုတ်ရဲ့အလိုက တိုက်ပွဲတွေ ချက်ချင်းရပ်၊ NUG နဲ့ မပတ်သက်နဲ့၊ စစ်ကောင်စီနဲ့ ဆွေးနွေး။ တစ်ခွန်းတည်း ချုပ်ရသော် စစ်ကောင်စီ ပြုတ်ကျရေးအထိ ဝင်မပါနဲ့။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ဩဂုတ် ၁၄ ရက်မှာ နေပြည်တော်ရောက်ရှိလာပြီးနောက် မြန်မာ့အရေး ခြံစည်းရိုးပေါ်ခွထိုင်နေတဲ့ တရုတ်က စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ထောက်ခံကြောင်း တရားဝင် ပြောကြားခဲ့ကာ စစ်ကောင်စီဘက် ခြေတလှမ်းချပြလိုက်တယ်။
အဲဒီနောက် ဩဂုတ် ၁၆ ရက်၊ ထိုင်းမှာပြုလုပ်တဲ့ ထိုင်း၊ မြန်မာ၊ လာအို၊ တရုတ် နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အလွတ်သဘော တွေ့ဆုံပွဲကျတော့ မြန်မာ့အရေး အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ ဝင်ရောက်စွက်ဖက်မှုကို လက်မခံကြောင်းနဲ့ တရုတ်တနိုင်ငံတည်းကသာ ဝင်ရောက်စွက်ဖက်မယ်ဆိုတဲ့ ပုံစံမျိုး တရုတ်နိုင်ငံခြားရေးဝန်ကြီးက အတင့်ရဲစွာနဲ့ ပြောကြားခဲ့သလို မြန်မာမှာ ပြည်တွင်းစစ်ဖြစ်ပွားလို့ မရဘူးလို့လည်း ဆိုတယ်။
မြန်မာမှာ ပြည်တွင်းစစ်ဖြစ်နေတာကတော့ လွတ်လပ်ရေးရခဲ့တဲ့ ၁၉၄၈ ခုနှစ်ကတည်းကပါ။ တငွေ့ငွေ့နဲ့ လှိုက်လောင်ခဲ့တဲ့ ပြည်တွင်းစစ်ဟာ အခု တတိယစစ်အာဏာရှင်ဖြစ်ဖို့ ရုန်းကန်နေရတဲ့ မင်းအောင်လှိုင်လက်ထက်ရောက်တော့ မီးဟုန်းဟုန်းတောက်လာခဲ့ကာ တသက်တာ အပေါ်စီးကနေ မောက်မာခဲ့တဲ့ စစ်တပ်ဟာ တိုက်တိုင်းရှုံးတပ်အဖြစ် ထင်ရှားကျော်ကြားလာတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာမှာ ပြည်တွင်းစစ်ဖြစ်ပွားလို့ မရဘူးလို့ အမိန့်ပေးတဲ့လေသံနဲ့ ပြောကြားခဲ့တဲ့ ဩဂုတ် ၁၆ ရက်မှာ မြို့ပေါင်း ၇၆ မြို့ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားပြီဖြစ်သလို များစွာသော ကျေးလက်ဒေသတွေကိုလည်း စိုးမိုးထားနိုင်ပြီဖြစ်တယ်။
ဝမ်ယိရဲ့ ထိုင်းခရီးစဉ်အပြီး ‘မြန်မာမှာ ပြည်တွင်းစစ်ဖြစ်ပွားလို့မရဘူး’ ဆိုတဲ့ အချက်ကို တရုတ်က လက်တွေ့ဖော်ဆောင်လာတယ်။ တရုတ်ရဲ့ ဖော်ဆောင်နည်းက တရုတ်နယ်စပ်တလျှောက်မှာ ရပ်တည်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ခြိမ်းခြောက်တဲ့နည်းပါပဲ။ သတင်းတွေအရ စစ်ကောင်စီကို တိုက်နေတဲ့ ကိုးကန့် MNDAA၊ တအာင်း TNLA၊ ကချင် KIA အပြင် ‘ဝ’ UWSA ကိုပါ လက်နက်ခဲယမ်း ထောက်ပံ့နေတယ်ဆိုပြီး ပြင်းထန်တဲ့ ဖိအားပေးမှုတွေ တရုတ်လုပ်လာခဲ့တယ်။
ဒါ့အပြင် TNLA အနေနဲ့ တိုက်ပွဲတွေ ချက်ချင်းမရပ်ဘူးဆိုရင် တရုတ်က ကြောက်ရွံ့ကျိုးနွံသွားအောင် ဆုံးမသွန်သင်ခြင်း နည်းလမ်းတွေကို ပိုမိုလုပ်ဆောင်သွားမှာဖြစ်ပြီး ဖြစ်ပေါ်လာတဲ့ အကျိုးဆက်အားလုံးကို TNLA က တာဝန်ယူရမယ်ဆိုတဲ့ တရုတ်ရဲ့ ခြိမ်းခြောက်စာလည်း ဩဂုတ်လကုန်ပိုင်းမှာ ထွက်ပေါ်လာခဲ့တယ်။ အဲဒီခြိမ်းခြောက်စာထဲမှာ တရုတ်နိုင်ငံ၊ ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေးကော်မတီက ပေးပို့တယ်လို့ ဖော်ပြထားပြီး ရုံး စည်းတံဆိပ်တွေမပါဘဲ ပစ်စာတစောင်ပုံစံ ဖြစ်နေပေမဲ့ အဲဒီစာဟာ အတုဖြစ်ကြောင်း တရုတ်က မငြင်းခဲ့ပါဘူး။ အဲဒီခြိမ်းခြောက်စာရဲ့ အနှစ်ချုပ်ကတော့ တိုက်ပွဲမရပ်ရင် တရုတ်အနေနဲ့ မြန်မာ့ပိုင်နက်နယ်မြေထဲ စစ်ရေးအရ ကျူးကျော်ကာ TNLA ကို ဝင်တိုက်မယ်လို့ဆိုကာ TNLA တင်မက မြန်မာပြည်သူတရပ်လုံးကိုပါ ရင့်သီးရိုင်းစိုင်းစွာ ခြိမ်းခြောက်လိုက်ခြင်းပါပဲ။
အဲဒီစာက မြန်မာပြည်သူတွေကြား အလှုပ်ကြီး လှုပ်သွားခဲ့တယ်။ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရုံတင်မက မြန်မာပြည်သူတွေကိုပါ စစ်ရေးအရ ခြိမ်းခြောက်တဲ့ တရုတ်ရဲ့ ဂုဏ်သိက္ခာကင်းမဲ့မှုအပေါ် မြန်မာပြည်သူတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်တုံ့ပြန်ခဲ့ကြတယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ဖေ့စ်ဘွတ်ခ်ပို့စ်တခုမှာ ထောင်နဲ့ချီတဲ့ မြန်မာပြည်သူတွေက မြန်မာ့ပြည်တွင်းရေးကို တရုတ်ဝင်မစွက်နဲ့လို့ လေသံပြင်းပြင်းနဲ့ တုံ့ပြန်ခဲ့ကြတယ်။
မြန်မာပြည်သူတွေရဲ့ ပြင်းထန်တဲ့ကန့်ကွက်မှုကို ရင်ဆိုင်လိုက်ရတဲ့အခါ မြန်မာပြည်တွင်းရေးကို ဝင်မစွက်ပါကြောင်း တရုတ်သံရုံးကနေ ရှင်းလင်းချက် စက်တင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ခဲ့တယ်။ မီဒီယာတချို့နဲ့ လူပုဂ္ဂိုလ်တွေက ပြည်တွင်းရေးဝင်စွက်နေတယ်လို့ အကြောင်းမဲ့ ပြစ်တင်ခြင်းကို တရုတ်အနေနဲ့ ဆန့်ကျင်ကြောင်း တရုတ်ရဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ချစ်ကြည်ရေးမူဝါဒမှာ မြန်မာပြည်သူတရပ်လုံးကို မျက်နှာမူပါကြောင်းဆိုတဲ့ ခြေကားရားလက်ကားရားနဲ့ မရယ်ရတဲ့ ဟာသတွေကလည်း တရုတ်ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။
ဒါ့အပြင် စက်တင်ဘာ ၆ ရက်မှာ စစ်ကောင်စီလက်အောက်ခံ စာရေးဆရာအဖွဲ့၊ စက်တင်ဘာ ၉ ရက်မှာ အနုပညာရှင်အဖွဲ့နဲ့ စက်တင်ဘာ ၁၉ ရက်မှာ စစ်ကောင်စီလက်အောက်ခံ မီဒီယာအဖွဲ့တွေကို တရုတ်နိုင်ငံဖိတ်ကြားကာ မြန်မာ့အရေးမှာ တရုတ်ဟာ သမာသမတ်ကျစွာနဲ့ စစ်ကောင်စီဘက် ရပ်တည်ပါကြောင်း ပရိုမိုးရှင်း လုပ်လာပုံရတယ်။
ပြောရရင် မြန်မာပြည်သူတွေရဲ့ ဆန့်ကျင်မှုနဲ့ ရင်ဆိုင်ရပြီးနောက်မှာ တရုတ်ဟာ ခြိမ်းခြောက်စာ ထုတ်ခြင်းမျိုး မလုပ်တော့သလို ဆော့ဖ်ပါဝါနဲ့ သူတို့ရဲ့ပုံရိပ်ကို ပြန်လည်မြှင့်တင်ဖို့ ကြိုးစားလာပြီး ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ်လည်း ပြင်းထန်တဲ့ဖိအားပေးမှုတွေ အသံတိတ် ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်တယ်။
စက်တင်ဘာ ၁၈ ရက်၊ MNDAA ပေ့ချ်ပေါ် တက်လာတဲ့ MNDAA ရဲ့ ရပ်တည်ချက်ဟာ တရုတ်ရဲ့ ပြင်းထန်တဲ့ ဖိအားတွေကြောင့်လို့ မြေကြီးလက်ခတ်မလွဲ ကောက်ချက်ချနိုင်တယ်။ MNDAA ရဲ့ ထုတ်ပြန်ချက်ထဲမှာ NUG အစိုးရနဲ့ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းခြင်းနဲ့ မန္တလေးနဲ့ တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်း လုံးဝ ပြုလုပ်မည်မဟုတ်။ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေး ရပ်တည်ချက် လုံးဝပြောင်းလဲမှာမဟုတ်။ MNDAA အနေနဲ့ ချက်ချင်းအပစ်ရပ်ပြီး တရုတ်နဲ့ တက်ကြွစွာပူးပေါင်းကာ ပဋိပက္ခတွေကို တွေ့ဆုံဆွေးနွေး အဖြေရှာသွားမှာဖြစ်ကြောင်း ဖော်ပြထားချက်တွေက တရုတ်ကြီးကိုယ်တိုင် ရေးထားပေးသလားလို့ အထင်ရောက်ချင်စရာ တရုတ်အကြိုက် တရုတ်ခံတွင်းလိုက်စေခဲ့တယ်။
၂၀၂၃ အောက်တိုဘာ ၂၇ ရက်၊ ညီနောင် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက် မြန်မာပြည်သူတရပ်လုံးရဲ့ လိုလားချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် ပူးပေါင်းဆင်နွှဲသွားမယ်ဆိုတာနဲ့ လက်ရှိ MNDAA ရပ်တည်ချက်က သိပ်ဝေးသွားတာ တွေ့ရတယ်။ ဒါပေမဲ့ MNDAA ရဲ့ ထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီ လာတိုက်ရင် ပြန်တိုက်သွားမှာဖြစ်ကြောင်းလည်း မာမာထန်ထန် ပြောထားပါသေးတယ်။
MNDAA ရဲ့ အဲဒီသဘောထားက ဒုတိယအကျော့ ၁၀၂၇ စစ်ဆင်ရေး ပြီးဆုံးကြောင်း ကြေညာလိုက်ခြင်းပါပဲ။ MNDAA ရဲ့ ဒုတိယအကျော့ ၁၀၂၇ စစ်ဆင်ရေးအပြီးမှာ အချီကြီးရလိုက်တာက နာမည်ကျော် အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက် လားရှိုးမြို့ဖြစ်ပြီး လူပုံအလယ်မှာ စစ်ကောင်စီရဲ့ပါးကို MNDAA က ဖြတ်ရိုက်သွားသလိုမျိုးမို့ စစ်အုပ်စုဝင်တွေ ဆတ်ဆတ်ခါခဲ့ရပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အသိမ်းခံရတာဟာ သန်းရွှေ ဆွဲခန့်လိုသာ မင်းအောင်လှိုင် ကာချုပ်ဖြစ်လာပြီး စစ်ရေးစွမ်းရည် ဘာမှမရှိကြောင်း အကောင်းဆုံး ဖော်ပြချက်လည်း ဖြစ်တာကြောင့် မင်းအောင်လှိုင် အတွက်လည်း ညအိပ်ရာဝင်တိုင်း မျက်ရည်လှိုင်လှိုင်ကျရမယ် ထင်တယ်။ ထပ်ပြောရရင် အင်မတန် ခိုင်ခံ့လှပါတယ်ဆိုတဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို တလနဲ့အပြတ် MNDAA နဲ့မဟာမိတ်တွေ သိမ်းလိုက်နိုင်တာဟာ မင်းအောင်လှိုင် မှန်ကြည့်တဲ့အခါတိုင်း မျက်နှာပေါ် ကန့်လန့်ဖြတ် ထင်းနေတဲ့ အမာရွတ်ကို မြင်နေရသလိုပါပဲ။
ဆိုတော့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ပြန်လည်ရရှိရေးဟာ မင်းအောင်လှိုင်နဲ့ စစ်ကောင်စီရဲ့ ဂုဏ် သိက္ခာအတွက် သိပ်အရေးပါပါတယ်။ ပြောချင်တာက MNDAA ရဲ့ထုတ်ပြန်ချက် စစ်ကောင်စီနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာမယ်ဆိုရင် စစ်ကောင်စီက လားရှိုးမြို့ကို ပြန်ပေးဖို့နဲ့ တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်ပေးဖို့ တောင်းဆိုမှာ သေချာပါတယ်။ တရုတ်ကလည်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ MNDAA အေးချမ်းတည်ငြိမ်စွာ အုပ်ချုပ်ခွင့်နဲ့ ကိုးကန့်ဒေသဖွံ့ဖြိုးရေး အကူအညီပေးမယ်ဆိုတဲ့ မက်လုံးပေးကာ လက်ရှိ MNDAA သိမ်းထားတဲ့မြို့တွေ ပြန်စွန့်ဖို့ ဖိအားပေးနိုင်တယ်။
MNDAA သာ စစ်ကောင်စီနဲ့ ညှိနှိုင်းသဘောတူပြီး ကိုးကန့်ဒေသကို ပြန်သွားကာ နွေဦးတော်လှန်ရေးကို ကျောခိုင်းခဲ့မယ်ဆိုရင် MNDAA ရဲ့ နိုင်ငံရေးဟာ လုံးဝပွဲပြီးသွားမှာ သေချာတယ်။
MNDAA ဟာ တကြိမ်တခါမှ မရခဲ့ဘူးတဲ့ မြန်မာပြည်သူတရပ်လုံးရဲ့ ထောက်ခံမှုကို ၁၀၂၇ စစ်ဆင်ရေးကစလို့ ရရှိခဲ့တာပါ။ လက်ရှိ MNDAA သိမ်းပိုက်ထားတဲ့မြို့တွေဟာ MNDAA နဲ့ မဟာမိတ်ရဲဘော်များစွာတို့ရဲ့ အသက်တွေနဲ့ရင်းပြီး ရရှိခဲ့တာဖြစ်သလို မြို့တမြို့ကို သိမ်းနိုင်ဖို့ ပုံအောခဲ့ရတဲ့ ငွေတွေလည်း မနည်းပါဘူး။ ဒါ့ကြောင့် ရင်းနှီးမြှုပ်နှံမှုများစွာနဲ့ သိမ်းယူထားတဲ့ မြို့တွေကို အလွယ်တကူ စွန့်လွှတ်မှာမဟုတ်ဘူးလို့ ထင်ရပါတယ်။
ဆိုတော့ MNDAA ဘယ်လို ဆက်ရွှေ့မလဲဆိုတာ အခုလောလောဆယ် အကဲဖြတ်ဖို့ သိပ်စောနေပါသေးတယ်။ လောလောဆယ် မျက်မြင်တွေအရ MNDAA ဘက်က တဖက်သတ် သေနတ်သံ တိတ်သွားတဲ့အဆင့်သာဖြစ်ပြီး စစ်တပ်ဘက်က လာတိုက်ရင် အချိန်မရွေးတိုက်ပွဲ ပြန်ဖြစ်နိုင်တယ်လို့ မှတ်ယူရပါမယ်။
သေချာတာကတော့ တရုတ်ဟာ စစ်ကောင်စီ မပြိုကျသွားရေးအတွက် မြန်မာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးကို ရန်သူလို သဘောထားကာ တိုက်စစ်ဆင်လာနေပြီပဲဖြစ်တယ်။
ထွန်းလင်း