Home
မြန်မာသတင်း
ခင်ဦးနှင့်လားရှိုးတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများ သေဆုံးဒဏ်ရာရ
DVB
·
September 26, 2024
photo Crd-ဒေသခံများ၊ Lashio Reconstruction
photo Crd-ဒေသခံများ၊ Lashio Reconstruction
photo Crd-ဒေသခံများ၊ Lashio Reconstruction
photo Crd-ဒေသခံများ၊ Lashio Reconstruction
photo Crd-ဒေသခံများ၊ Lashio Reconstruction
photo Crd-ဒေသခံများ၊ Lashio Reconstruction
photo Crd-ဒေသခံများ၊ Lashio Reconstruction
photo Crd-ဒေသခံများ၊ Lashio Reconstruction
photo Crd-ဒေသခံများ၊ Lashio Reconstruction
kyan 2692024

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရှားလွင်ရွာကို စစ်တပ်က စက်တင်ဘာ ၂၅ ရက် ည ၁၀ နာရီခွဲ လောက်မှာ လေယာဉ်နဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ ယောက်ထက်မနည်း သေဆုံးပြီး PDF ရဲဘော် ၃ ယောက်အပါအဝင် ပြည်သူအများအပြား ဒဏ်ရာပြင်းထန်ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “ဂျက်ဖိုက်တာ ၃ စီးနဲ့ ပစ်သွားတာ။ ပထမအကြိမ်က ပေါင် ၅၀၀ ဗုံး ၃ လုံး ချတယ်။‌ နောက် ဒုတိယ ပြန်ပတ်လာပြီးတော့ ပေါင် ၃၀၀ ဗုံး ၁၀ လုံးချတယ်ဗျ။ အဲဒီလို ဗုံး ၁၃ လုံး ချလို့ နေအိမ် ၁၀ လုံး ပျက်စီးတယ်။ ညပိုင်း ဗုံးချချချင်းကို ပြည်သူ ၂ ဦး ပွဲချင်းပြီးသေဆုံးတယ်။ ရဲဘော် ၃ ဦး ဒဏ်ရာရတယ်။ ဒီနေ့ စက်တင်ဘာ ၂၆ ရက် မနက်ခင်း ရှင်းလင်းရေးပြန်လုပ်တော့  ဒဏ်ရာပြင်းထန်ရထားတဲ့ လူနာ ၆ ဦး ထပ်တွေ့ရတယ်။ အဲဒီလူနာတွေလည်း အသက်အန္တရာယ် အတွက် စိတ်မချရဘူး။ နောက်ပြီး ခေါင်းပြတ်၊ လက်ပြတ်တွေကတော့ အများကြီးတွေ့ရတယ်။ သေဆုံးလူဦးရေစာရင်းကတော့ အတိအကျ ပြောမရသေးဘူး၊ ထပ်တိုးလာနိုင်‌ခြေ ရှိ‌သေးတယ်။ အိမ်‌မွေးတိရစ္ဆာန်ဖြစ်တဲ့ နွား၊ ကျွဲ သေဆုံးတာလည်း များတယ်” လို့  ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ဘယ်လိုပြောရမလဲတောင် မသိဘူး။ ကာကွယ်ရေးတပ်ရဲ့ တည်နေရာ သတင်းပေါက်တယ်လို့ ပြောရအောင်လည်း စခန်းချ တပ်စွဲတာ လည်း မရှိပါဘူး။ အမှန်တိုင်းပြောရရင် ရဲဘော်တွေ နေ့ပိုင်းမှာ ဖြတ်သန်းသွားလာမှုတွေကတော့ ရှိတယ်။ အခုလုပ်သွားတာကတော့ ပြည်သူကို ရန်သူသဖွယ် လုပ်တာ။ စစ်တပ်ကတော့ အတော်လေးကို ယုတ်မာနေပါပြီ” လို့ ပြောပါတယ်။

ရှားလွင်ရွာကို စစ်တပ်က ဗုံးကြဲတဲ့ကိစ္စနဲ့ပတ်သက်ပြီး ခင်ဦးမြို့နယ် ပအဖ၊ ပကဖ၊ ပလဖဘက်ကို DVB အနေနဲ့ ဆက်သွယ်စုံစမ်းခဲ့ပေမဲ့ ဖုန်းလိုင်းဆက်သွယ်ရေး‌ မကောင်းတာကြောင့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။

အိမ်ခြေ ၄၀၀ နီးပါးရှိတဲ့ ရှားလွင်ရွာကို အခုနှစ် ဩဂုတ် ၂၁ ရက်မှာလည်း စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ ယောက်ဒဏ်ရရှိခဲ့တယ်လို့ သိရပါတယ်။

ရှားလွင်ရွာကို စစ်တပ်က ၂၀၂၂ ခု မတ် ၁၆ ရက်နဲ့ ၃၀ ရက်နေ့တွေကလည်း မြေပြင်စစ်ကြောင်းထိုးပြီး မီးရှို့ခဲ့တာကြောင့် ပြည်သူနေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခအခြေစိုက်ရာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို ပြန်မစည်ကားအောင် မကြာခဏ လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်တာတွေ လုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒေသခံအမျိုးသားတယောက်က “အဓိကကတော့ မြို့ထဲမှာ လူမနေရအောင်ပေါ့နော်၊ မြို့ပြန်စည်ကားနေတာကို သူတို့ မလိုလားဘူး။ အဲဒါကြောင့် ပါပါတယ်။ နောက်ပြီးတော့ အရှုံးကို သူတို့ လက်မခံနိုင်လို့ အဲဒါ အဓိကကတော့ သူမြေပြင်ကနေ ဘာမှ ထိုးစစ်မဆင်နိုင်ဘူး။ မဆင်နိုင်တဲ့အတွက် မနိုင် နိုင်ရာ‌ပေါ့နော်။ အဲဒီနည်းလမ်းနဲ့ပဲ လေယာဉ်နဲ့ လာလာကြဲ‌နေတာပေါ့။ မြို့ထဲမှာက သွားရ လာရတာ အားလုံး အဆင်ပြေပါတယ်။ အခက်အခဲ ဘာမှမရှိပါဘူး။ စားသောက်ကုန်တွေ၊ ကုန်ဈေးနှုန်းပေါ့နော်၊ ကုန်ဈေးနှုန်းတက်တယ်။ ဆီဈေးတွေ တက်တယ်။ အဲဒီအတွက်ကတော့ ပြည်သူတွေအတွက်က ပိုခက်ခဲတာပေါ့နော်။ ကျနော်တို့စိုးရိမ်တာ လေယာဉ်ပဲပေါ့နော်။ အဲဒီအတွက်လည်း ကိုယ်တိုင် လုံခြုံတဲ့နေရာကို ရှာထားရတာပေါ့။ လေယာဉ်လာမယ်ဆိုရင် ဘယ်လိုနေရာမှာ နေရမလဲဆိုပြီး ကိုယ့်ဟာကိုယ် ကြိုပြီးတော့ ပြင်ဆင်ထားရတာပေါ့။ လေကြောင်းအန္တရာယ်ပဲ စိုးရိမ်တာပေါ့နော်။ မြေပြင် အခြေအနေကတော့ အားလုံး အဆင်ပြေပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ လားရှိုးမြို့ဘက်ကို ဆေးနဲ့ ဆေးဝါးပစ္စည်းတွေ သယ်ဆောင်ခွင့် မပေးတဲ့ အပြင် တခြား ကုန်ပစ္စည်းတွေကိုလည်း စစ်ဆေးရေး တင်းကျပ်ထားတယ်လို့ သူက ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက် လုပ်လာနေတာကြောင့် ဒေသခံတွေ တိမ်းရှောင်နေကြတယ်လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။

“တချို့ကတော့ ရှောင်ပြေးကြတယ်၊ မြို့ထဲက လူတွေ။ တချို့က မပြေးဘူး၊ ဘယ်ကိုပြေးမလဲ၊ ပြေးရတာလည်း ကြာလာတော့ မခံနိုင်တော့ဘူးလေ။ ရှိတာလည်း အကုန်ပြောင်လာပြီ။ ဆက်တိုက်က မနေ့ည ၃ ရက်ရှိပြီ။ အရင်ညက တရက်ခြားပြီး တခါ။ မနေ့ညက ဆက်တိုက်။ တမြန်ညနဲ့ မနေ့ညပေါ့။ အရမ်းဆိုးဝါးတာက တမြန်ညကပဲ။ ရထိုက်တကြော ဘာမှရစရာ မရှိတော့ဘူး။ အဲဒီကနေ အထက ၂ အနီးက ကြက်ကင်ဆိုင်၊ အဲဒီ တန်းလျားတွေ အကုန် ကြေမွသွားပြီ။ ၁၅ ယောက်ထိတယ်၊ တယောက် သေဆုံးတယ်လို့ ကြားတယ်။ နေအိမ်တွေ အကုန် အဲဒီတကြော ကက်သလစ်ကျောင်း မျက်နှာချင်းဆိုင်ဘက်ကအထိ အိမ်တွေ အကုန် ပေါက်ပြဲကုန်တယ်။”

စက်တင်ဘာ ၂၅ ရက် မနက်က ‌ဗုံးကြဲတိုက်ခိုက်တာမှာ လူအထိအခိုက် မရှိပေမဲ့ စက်တင်ဘာ ၂၄ ရက်က ကြဲချခဲ့တဲ့ ပေါင် ၅၀၀ ဗုံးကြောင့် အရပ်သားတယောက် သေဆုံးပြီး ၁၅ ‌ယောက် ထိခိုက် ဒဏ်ရာရကာ ထိခိုက်ပျက်စီးသွားတဲ့ နေအိမ်တွေက အစုလိုက် အပုံလိုက်ဖြစ်ပြီး အကုန် ရစရာ မရှိအောင် ကြေမွကုန်တယ်လို့ သူက ပြောပါတယ်။

MNDAA သိမ်းပိုက် ထိန်းချုပ်ပြီးနောက် စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ ၆ ကြိမ်ရှိပြီလို့ သူက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013