စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရေရှင်ကြီးရွာထဲကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၇ ရက် ညနေ ၃ နာရီခွဲလောက်မှာ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၈ ယောက် ထိခိုက်ခဲ့ပြီး တယောက်ကတော့ နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဟာ စံပယ်နံ့သာရွာဘက်ကနေ စစ်ကြောင်းထိုးလာပြီး အနီးပတ်ဝန်းကျင် ကျေးရွာတွေကို လှည့်လည်ကာပြည်သူနေအိမ်တွေ မီးရှို့ခဲ့ပြီး ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာပါ။
ဒေသခံရွာသားတယောက်က “၃ ကြိမ်စလုံး ဒရုန်းယာဉ်က စံပယ်နံ့သာရွာ စကစ စခန်းဘက်က လာချတာဗျ။ ချတဲ့ ဗုံးသီးက ၃ လုံးဗျ။ ဗုံးသီးချလို့ကျနော်တို့ ရေရှင်ကြီးရွာက ပြည်သူ ၁ ဦး ထိခိုက်ခဲ့တာဗျ။ အမည်က ကိုဝင်းဘို၊ အသက်က ၃၅၊ ၄၀လောက်ရှိမယ်။ ကျန်တာက မန္တလေး-မြစ်ကြီးနားသွား ခရီးသည်ပြည်သူတွေ ထိတာဗျ။ ၁၀ ဦးထက်မနည်း ထိခိုက်ခဲ့တယ်ဗျ။ အဲဒီ ၁၀ ဦးကျော်ထဲက အဘွားအိုတဦးကတော့ ဗုံးသီးချလို့ နှလုံးရပ်ပြီး သေဆုံးတာ”လို့ ပြောပါတယ်။
ရေရှင်ကြီးရွာဟာ စံပယ်နံ့သာရွာနဲ့ ငှက်ပျောတိုင်းရွာကြား ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းမမှာ တည်ရှိတဲ့ကျေးရွာ ဖြစ်ပါတယ်။
ကန့်ဘလူ တောင်ခြမ်းပအဖ တာဝန်ရှိသူတယောက်က “အဲဒီရွာက ကျနော်တို့ ရွှေဘိုတိုက်နယ်ဘက် ပါတဲ့ရွာဗျ။ ရွာထဲကို ဗုံးသီးချတာက စုစုပေါင်း ၃ လုံးဗျ၊ ပထမအလုံးက နေ့လယ် ၃ နာရီခွဲလောက်မှာ စပြီးချတယ်။ ဒုတိယအလုံးက ၄ နာရီခွဲနဲ့ နောက်ဆုံးအလုံးက ၆ နာရီထိုးခါနီးမှာ ချတာ။ ရွာထဲလည်း ဘာမှရှိဘူးဗျ။ ဘာကြောင့် ဗုံးသီးချလည်း မသိဘူး။ ရွာထဲမှာ ပြည်သူတွေပဲ ရှိတာကို ရွာထဲ တည့်တည့်ချတာ။ ကျနော်တို့နဲ့ကတော့ ဘာတိုက်ပွဲမှ မဖြစ်ဘူး။ သူတို့က ပြည်သူရွာတွေကို ဒုက္ခလှည့်ပေးနေကြတာ”လို့ ပြောပါတယ်။
စက်တင်ဘာ ၂၇ ရက် တရက်တည်းမှာတင် ကန့်ဘလူမြို့နယ် သီရိမွန်ရွာကိုလည်း နေ့လယ် ၂ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က Mi35 နဲ့ ပထမအကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ပြီး၊ ညနေ ၅ နာရီခွဲမှာလည်း Mi35 နဲ့ သီရိမွန်ရွာနဲ့ မေတ္တာမွန်ရွာကြားကို ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။