ယူကရိန်းတောင်ပိုင်းရှိ အိုက်ဇ်မေးလ်မြို့မှာ ရုရှားဒရုန်း တိုက်ခိုက်မှုကြောင့် လူ ၃ ယောက် သေဆုံးပြီး ကလေးငယ် ၃ ယောက်အပါအဝင် လူပေါင်း ၁၄ ယောက် ဒဏ်ရာရခဲ့ကြောင်း အိုဒေဆာဒေသဆိုင်ရာ အစိုးရရှေ့နေတွေက စက်တင်ဘာ ၂၇ ရက်မှာ ပြောပါတယ်။
သောကြာနေ့အစောပိုင်း အချိန်လောက်က "အကြီးစား အကြမ်းဖက်တိုက်ခိုက်မှု" ကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးတာအပြင် မီးလောင်မှုအများအပြား ဖြစ်ပွားခဲ့ကြောင်းလည်း အိုဒေဆာဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး အိုလေးကီပါက တယ်လီဂရမ်မှာ ပြောထားပါတယ်။
အိုဒေဆာ ဒေသရှိ ယူကရိန်းပြည်နယ် အရေးပေါ်ဝန်ဆောင်မှုဌာနက ဗီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့တာမှာ မီးလောင်နေတဲ့ အဆောက်အအုံတွေမှာ ကယ်ဆယ်ရေးသမားတွေ ကယ်ဆယ်ရေး လုပ်နေကြပုံတွေကို ပြသထားပါတယ်။
အလယ်ပိုင်း နီးပရိုမြို့ကို ရုရှားက ဒုံးကျည်နဲ့ တညလုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စက်မှုဇုန်တခုလည်း ပျက်စီးခဲ့ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း နီးပရို ပက်ထရို့ဗ်စ်ခ် ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး ဆာဟီးလိုင်ဆက်ခ်က တယ်လီဂရမ်မှာ ပြောကြားခဲ့ပါတယ်။
မောင်းသူမဲ့ လေယာဉ်တွေနဲ့ ပစ်ခတ်မှုတွေကြောင့် ဒေသတွင်း အခြေခံအဆောက်အအုံတွေ ပျက်စီးသွားပြီး တိုက်ခိုက်မှုတွေမှာ ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း လိုင်ဆက်ခ်က ပြောကြားခဲ့ပါတယ်။
ယူကရိန်းလေတပ်က ရုရှားရဲ့ညတွင်းချင်း တိုက်ခိုက်မှုအတွင်း ဒရုန်း ၃၂ စင်း ထဲက ၂၄ စင်းကို ပစ်ချခဲ့ကြောင်း တယ်လီဂရမ်မှာ ပြောထားပါတယ်။
ဒရုန်းတွေထဲမှ ၁ စင်းဟာ ရိုမေးနီးယား လေကြောင်းပိုင်နက်ထဲကို ဝင်ရောက်ခဲ့ကြောင်းလည်း ဆိုပါတယ်။ တိုက်ခိုက်မှုအတွင်း ရုရှားတပ်ဖွဲ့ဝင်တွေဟာ ပဲ့ထိန်းဒုံးကျည် ၁ စင်းနဲ့ ခရုဇ်ဒုံးကျည် ၂ စင်းကိုလည်း အသုံးပြုခဲ့ကြောင်း လေတပ်က ပြောကြားခဲ့ပါတယ်။
Source: Reuters