ပိုလန်သမ္မတ အန်ဒရေ ဒူဒါက ယူကရိန်းစစ်ကို အဆုံးသတ်ဖို့ ရုရှားကို စက်တင်ဘာ ၂၄ ရက်က ကျင်းပတဲ့ ကုလသမဂ္ဂ ညီလာခံမှာ တိုက်တွန်းခဲ့ပါတယ်။
စစ်ပွဲကို နောက်ထပ် အေးခဲနေတဲ့ ပဋိပက္ခအဖြစ် ပြောင်းဖို့ ကုလသမဂ္ဂက ခွင့်မပြုနိုင်ဘူးလို့လည်း ဒူဒါက ပြောပါတယ်။
ဒါဟာ ဒေသတွင်း မတည်မငြိမ်ဖြစ်စေပြီး ကမ္ဘာလုံးဆိုင်ရာ စည်းမျဥ်းစည်းကမ်းနဲ့ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်မှု ဖြစ်စေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ရုရှားဟာ ကမ္ဘာလုံးဆိုင်ရာရပ်တည်မှု ဆုံးရှုံးသွားပြီလို့လည်း သူက ကုလသမဂ္ဂ ‘အနာဂတ် ထိပ်သီးအစည်းအဝေး’ မှာ ပြောခဲ့ပါတယ်။
လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအနေနဲ့ ရုရှားဟာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနဲ့ နိုင်ငံတကာဥပဒေတွေကို လိုက်နာသင့်တယ်။ ဒါပေမဲ့ အချုပ်အခြာအာဏာ ပိုင်တဲ့နိုင်ငံကို တိုက်ခိုက်ခြင်းအားဖြင့် သူ့ရဲ့တာဝန်ကို စွန့်လွှတ်လိုက်ရပါတယ်။ ဒါကြောင့် ရုရှားအနေနဲ့ နိုင်ငံတကာရဲ့ လုံခြုံရေးကို အကာအကွယ်ပေးဖို့ တောင်းဆိုလို့မရတော့ပါဘူးလို့လည်း ဒူဒါက ပြောပါတယ်။
လုပ်ငန်းစဉ်က လိမ်လည်ဖို့ ဖြစ်နေလို့ ဇွန်လမှာကျင်းပခဲ့တဲ့ ဆွစ်ဇာလန်ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေးရဲ့ ဘယ် နောက်ဆက်တွဲ အစည်းအဝေးမှာမှ ပါဝင်မှာမဟုတ်ဘူးလို့ ရုရှားက သီတင်းပတ်ကုန်ရက်မှာ ပြောခဲ့ပါတယ်။
ဇွန်လ ထိပ်သီးစည်းဝေးပွဲအကြိုကာလမှာ ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်က ယူကရိန်းနဲ့ ဆွေးနွေးဖို့ အခြေအနေတွေ ချမှတ်ခဲ့ပြီး ရုရှားက သူ့ပိုင်နက်အဖြစ် တောင်းဆိုထားတဲ့ ဒေသလေးခုလုံးကို ယူကရိန်းအစိုးရက စွန့်လွှတ်ဖို့ တောင်းဆိုခဲ့ပါတယ်။
ယူကရိန်းတပ်ဖွဲ့ဝင်တွေ ရုရှားရဲ့ ကာ့ကက်စ်ဒေသထဲ ရှိနေချိန်မှာ မဆွေးနွေးနိုင်ဘူးလို့လည်း ရုရှားက ပြောပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ရုရှားနိုင်ငံနဲ့ ဒီနှစ်ကုန်မှာ နောက်ဆက်တွဲ တွေ့ဆုံပွဲကို တက်ရောက်ဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။
Source-Reuters