ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်း ခါကိဗ်မြို့ရှိ အထပ်မြင့်တိုက်ခန်းတခန်းနဲ့ မုန့်ဆိုင်တဆိုင်ကို စက်တင်ဘာ ၂၄ ရက်မှာ ရုရှားရဲ့ ပဲ့ထိန်းဗုံးတွေနဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၃ ယောက် သေဆုံးပြီး ၃၁ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံအတွက် ကမ္ဘာ့ခေါင်းဆောင်တွေ နယူးယောက်မှာ စုဝေးနေချိန်မှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။
ရုရှားဟာ ပဲ့ထိန်းဗုံး ၈ လုံးကို ပစ်လွှတ်ခဲ့ပြီး ၆ လုံးမှာ ခါကိဗ်ကို ထိမှန်ခဲ့ကြောင်း ဒေသဆိုင်ရာ အစိုးရရှေ့နေတွေက တယ်လီဂရမ်မှာ ပြောကြားခဲ့ပါတယ်။
ပဲ့ထိန်းဗုံးဟာ အဲဒီအဆောက်အအုံကို တိုက်ရိုက်ထိမှန်ခဲ့ပြီး အထပ် ၉ ထပ်ရှိ တိုက်တန်းမှာ အပေါက်ကြီးတပေါက် ပွင့်ထွက်သွားပြီး အထပ်များစွာ ပျက်စီးသွားကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။
ဒဏ်ရာရသူတွေထဲမှာ အသက် ၁၇ နှစ်အရွယ် တယောက်လည်း ပါဝင်ပြီး တခြားလူ ၄ ယောက်ဟာ အခြေအနေ စိုးရိမ်ရကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး အိုလေး ဆိုင်ညီဟူဘော့ဗ်က ပြောကြားခဲ့ပါတယ်။
ရုရှားဟာ ယူကရိန်းကို ၂၀၂၂ ခုနှစ်မှာ အပြည့်အဝ ကျူးကျော်ဝင်ရောက်ခဲ့ကတည်းက ခါကိဗ်မြို့ကို တိုက်ခိုက်နေခဲ့ကြောင်း ခါကိဗ်မြို့တော်ဝန် အီဟော်ရ် တယ်ရယ်ခို့ဗ်က တယ်လီဂရမ်မှာ ပြောထားပါတယ်။
ယူကရိန်းရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ်နဲ့ ပတ်ဝန်းကျင်ဒေသကို ရုရှားတို့က ပုံမှန်တိုက်ခိုက်နေကျ ဖြစ်ပါတယ်။
မော်စကိုတပ်ဖွဲ့တွေဟာ အဖျက်စွမ်းအားကြီးမားတဲ့ ပဲ့ထိန်းဗုံးတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပြီး ယူကရိန်း လေကြောင်းရန်ကာကွယ်ရေးမှ ကြားဖြတ်ဟန့်တားဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။
ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် ၂ နှစ်ခွဲကျော်ကာလအတွင်း လူပေါင်း ထောင်သောင်းချီ သေဆုံးခဲ့ရပေမဲ့ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်တယ်ဆိုတာကို ငြင်းဆိုထားပါတယ်။
Source-Reuters