လက်ဘနွန် ပြည်သူ့ကျန်းမာရေးဝန်ကြီး ဖီရာ့စ်အဘီယာ့ဒ်ဟာ လက်ဘနွန်မှာ အစ္စရေးရဲ့ စစ်ရေးစစ်ဆင်ရေးတွေကို ရပ်တန့်အောင် နိုင်ငံတကာအသိုက်အဝန်းက ဖိအားပေးဖို့ တိုက်တွန်းခဲ့ပြီး မကြာသေးခင်က အစ္စရေးရဲ့ ဆက်တိုက်လိုလို တိုက်ခိုက်မှုတွေကြောင့် အသေအပျောက်တွေ များပြားလာမှုကို ရင်ဆိုင်ဖို့ ရုန်းကန်နေရတဲ့ လက်ဘနွန် ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို ကူညီပေးဖို့ ဆေးဝါးအထောက်အပံ့တွေ ပိုမိုရရှိဖို့ တောင်းဆိုခဲ့ပါတယ်။
တနင်္လာနေ့ကတည်းက လက်ဘနွန်တဝန်း အစ္စရေးရဲ့ အကြီးစား လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေဟာ ၅၅၈ ယောက်အထိ ရှိလာပြီး ဒဏ်ရာရသူ ၁,၈၃၅ ယောက် ရှိခဲ့ပါတယ်။
တိုက်ခိုက်မှုအတွင်း ကလေးငယ် ၅၀ နဲ့ အမျိုးသမီး ၉၄ ယောက် ပါဝင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး အဘီယာ့ဒ်က အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။
လက်ဘနွန်တောင်ပိုင်းရှိ ဆေးရုံတွေဟာ အမြင့်ဆုံးစွမ်းဆောင်ရည်နဲ့ လည်ပတ်နေပြီး ဒဏ်ရာရအရပ်သား အများအပြားကို ကုသပေးနေတယ်လို့ တရုတ်နိုင်ငံပိုင် ရုပ်မြင်သံကြားကွန်ရက် (CGTN) နဲ့ အင်တာဗျူးမှာ အဘီယာ့ဒ်က ပြောဆိုပါတယ်။
ဒဏ်ရာရရှိသူတချို့ကို တောင်ပိုင်းကနေ တခြားဒေသတွေဆီ လွှဲပြောင်းပေးနေပေမဲ့လည်း လူအများအပြားက စစ်ဘေးရှောင်ဖို့ သူတို့မြို့ရွာတွေကနေ ထွက်ခွာနေကြတာကြောင့် အပြောင်းအရွှေ့တွေအတွင်း ယာဉ်ကြောပိတ်ဆို့မှုနဲ့ ကြုံတွေ့နေရကြောင်းလည်း ဆိုပါတယ်။
ဒဏ်ရာရသူတွေကို လွှဲပြောင်းပေးမယ့် အကူအညီနဲ့ ဆေးဝါးကုသမှုတွေကို အစွမ်းကုန် လုပ်ဆောင်နေပါတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် တိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရသူတွေကို အာရုံစိုက် ကုသပေးနိုင်ဖို့အတွက် အရေးပေါ်မဟုတ်တဲ့ ဝင်ရောက်မှုတွေကို ရပ်တန့်ပေးဖို့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။
စိုးရိမ်ရတဲ့ အခြေအနေကြောင့် လက်ဘနွန်ပြည်သူတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေကို ဖြေရှင်းပေးနိုင်ဖို့အတွက် နိုင်ငံတကာက ဆေးဘက်ဆိုင်ရာ အရင်းအမြစ်တွေကို လှူဒါန်းပေးဖို့လည်း ကျန်းမာရေးဝန်ကြီး အဘီယာ့ဒ်က တောင်းဆိုခဲ့ပါတယ်။
လက်ဘနွန်ကို တိုက်ခိုက်မှုတွေရပ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အစ္စရေးကို ဖိအားပေးမယ်လို့ လက်ဘနွန်အစိုးရက မျှော်လင့်ထားပါတယ်လို့လည်း အဘီယာ့ဒ်က ဆိုပါတယ်။
သူ့နိုင်ငံအတွက် တရုတ်နိုင်ငံရဲ့ ပံ့ပိုးကူညီမှုကို ကျေးဇူးတင်ကြောင်းလည်း အဘီယာ့ဒ်က ပြောပါတယ်။
လက်ဘနွန်ဝန်ကြီးချုပ် နာဂျစ်မီကာတီဟာ လက်ဘနွန်အပေါ် ရန်စမှုတွေကို ရပ်တန့်ဖို့ အစ္စရေးကို ဖိအားပေးဖို့ ကုလသမဂ္ဂကို တိုက်တွန်းခဲ့ပြီး အစ္စရေးဟာ လက်ဘနွန်နိုင်ငံရဲ့ မြို့တွေ၊ ရွာတွေကို “သုတ်သင်ရှင်းလင်းရေးစစ်ပွဲ” ဆင်နွှဲနေကြောင်းလည်း သတိပေးခဲ့ပါတယ်။
အစ္စရေးရဲ့ ချိုးဖောက်မှုတွေကို ရပ်တန့်ဖို့ လုံခြုံရေးကောင်စီနဲ့ သြဇာကြီးမားတဲ့နိုင်ငံတွေကို ကြားဝင်စွက်ဖက်ပေးဖို့လည်း လက်ဘနွန်ဝန်ကြီးချုပ်က တောင်းဆိုခဲ့ပါတယ်။
Source-Reuters