Home
နိုင်ငံတကာ
ကုလသမဂ္ဂ လိုတမျိုး မလိုတမျိုး လုပ်နေဟု ဆူဒန်ဝန်ကြီး ဝေဖန်
DVB
·
September 24, 2024
Photo-Reuters

ကုလသမဂ္ဂကို ပြုပြင်ပြောင်းလဲဖို့ စက်တင်ဘာ ၂၂ ရက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂရဲ့ အနာဂတ်အရေး ထိပ်သီးညီလာခံမှာ ဆူဒန်နိုင်ငံခြားရေးဝန်ကြီး ဟူစိန်အာဝဒ်အလီက တောင်းဆိုခဲ့ပြီး ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို အကောင်အထည်ဖော်ရာမှာ လိုတမျိုး မလိုတမျိုး လုပ်ရပ်ကို ဝေဖန်ခဲ့ပါတယ်။

ဆူဒန်မြို့ အယ်လ်ဖာရှီယာကို အရန်တပ် (RSF) က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်မှုအပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က သတိပေးချက်ထုတ်ပြီး နောက်တရက်အကြာမှာ ခုလိုမှတ်ချက်တွေ ထွက်လာခဲ့တာပါ။

အခုသီတင်းပတ်အစောပိုင်းမှာ ၁၇ လကျော်ကြာ ဖြစ်ပွားနေတဲ့ စစ်ပွဲအတွက် ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာဖို့ လမ်းဖွင့်ထားတယ်လို့ ဆူဒန်စစ်တပ်နဲ့ RSF တို့က ပြောပါတယ်။

စစ်ဖြစ်နေတဲ့သူတွေ ပြန်လည်ပါဝင်ဆွေးနွေးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ တောင်းဆိုမှုကို တုံ့ပြန်တဲ့အနေနဲ့ ခုလိုပြောတာလည်း ဖြစ်ပါတယ်။

ဆူဒန်မှာ မနှစ် ဧပြီလက ဆူဒန်စစ်တပ်နဲ့ RSF အကြား စစ်ပွဲဖြစ်ပွားခဲ့ပြီး ကမ္ဘာ့အကြီးဆုံး အိုးမဲ့အိမ်မဲ့ အကျပ်အတည်း ဖြစ်ခဲ့ပါတယ်။

ဇွန်လမှာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တရပ်ထဲမှာ RSF က ဆူဒန်မြောက်ပိုင်း ဒါဖာဒေသမှာရှိတဲ့ လူဦးရေ ၁ ဒသမ ၈ သန်းရှိတဲ့ အယ်လ်ဖာရှီယာမြို့ကို ဝိုင်းထားတာနဲ့ အဲဒီဒေသမှာ တိုက်ပွဲတွေကို ချက်ချင်းရပ်တန့်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တောင်းဆိုခဲ့ပါတယ်။

RSF ထိန်းချုပ်မှုအောက်မှာ မရှိသေးဘဲ ကျယ်ပြန့်တဲ့ ဒါဖာဒေသရဲ့ နောက်ဆုံးမြို့ကြီးဖြစ်တဲ့ အယ်လ်ဖာရှီယာမှာ အရပ်သားတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ တိုက်ခိုက်ရေးသမား အားလုံးကို ထွက်သွားခိုင်းဖို့ကိုလည်း ကုလသမဂ္ဂဆုံးဖြတ်ချက်က တောင်းဆိုခဲ့ပါတယ်။

အာဝဒ်အလိဟာ RSF နဲ့ ဆူဒန်စစ်တပ် နှစ်ဖက်လုံးကို လက်နက်ရောင်းချမှု ပိတ်ပင်ဖို့ တောင်းဆိုထားတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အချက်အလက်ရှာဖွေရေး အစီရင်ခံစာကို ဝေဖန်ခဲ့ပါတယ်။

ဒီတောင်းဆိုချက်ဟာ သူ့နိုင်ငံကို ခုခံကာကွယ်နိုင်စွမ်းကို ဆုံးရှုံးစေပြီး အချုပ်အခြာအာဏာကို ချိုးဖောက်တာလို့ ဆူဒန်နိုင်ငံခြားရေးဝန်ကြီးက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013