ဂျာမန်အဓိပတိ အိုလာ့ဖ်ရှို့လ်ဇ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ စက်တင်ဘာ ၂၂ ရက်မှာ တိုက်တွန်းခဲ့ပါတယ်။
ကုလသမဂ္ဂအဖွဲ့ကြီးဟာ လွန်ခဲ့တဲ့ ကာလတွေကို အခြေခံပြီး စုစည်းထားတာလို့လည်း ပြောခဲ့ပါတယ်။
“ကမ္ဘာ့တိုက်ကြီးအများအပြား ဒါမှမဟုတ် နိုင်ငံအများအပြားဟာ အလှည့်ကျအဖွဲ့ဝင်သာ မဟုတ်ဘဲ လုံခြုံရေးကောင်စီရဲ့ တကယ့်အစိတ်အပိုင်း ဖြစ်သင့်ပြီ၊ အလှည့်ကျအဖွဲ့ဝင်က အလုပ်မဖြစ်ပါဘူး” လို့ ရှို့လ်ဇ်က ကုလသမဂ္ဂ အဆောက်အဦ ပြင်ပမှာ သတင်းထောက်တွေကို ပြောပါတယ်။
ကုလသမဂ္ဂဟာ အနာဂတ်အတွက် ထိပ်သီးညီလာခံ ၂၀၂၄ ညီလာခံကို ကျင်းပနေပြီး ညီလာခံရဲ့ ဆက်စပ်အစည်းအဝေး ကျင်းပနေချိန်မှာ ပြောတာလည်း ဖြစ်ပါတယ်။
အာဖရိကနိုင်ငံတွေအတွက် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်အဖြစ် ထိုင်ခုံ ၂ နေရာနဲ့ ဖွံ့ဖြိုးဆဲကျွန်းငယ်နိုင်ငံတွေအတွက် အလှည့်ကျအဖွဲ့ဝင်အဖြစ် ထိုင်ခုံတနေရာ သတ်မှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုက ထောက်ခံကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါ သောမတ်စ် ဂရင်းဖီးလ်ဒ်က စက်တင်ဘာလလယ်မှာ ကြေညာခဲ့ပါတယ်။
ဒီလိုတွန်းအားပေးတာဟာ အိန္ဒိယ၊ ဂျပန်နဲ့ ဂျာမနီတို့အတွက် လုံခြုံရေးကောင်စီမှာ အမြဲတမ်း အဖွဲ့ဝင်နေရာတွေ ရဖို့ အမေရိကန်ရဲ့ ကာလကြာရှည် ထောက်ခံမှုအပြင် ထပ်တိုး တောင်းဆိုချက်လည်း ဖြစ်ပါတယ်။
ကုလသမဂ္ဂကို ၁၉၄၅ ခုနှစ်မှာ စတင်တည်ထောင်ချိန်က လုံခြုံရေးကောင်စီမှာ အဖွဲ့ဝင် ၁၁ နိုင်ငံ ရှိခဲ့တာပါ။
၁၉၆၅ ခုနှစ်မှာတော့ ၂ နှစ်သက်တမ်း ထမ်းဆောင်မယ့် ရွေးကောက်ခံနိုင်ငံ ၁၀ နိုင်ငံနဲ့ ဗီတိုအာဏာသုံးခွင့်ရ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံဖြစ်တဲ့ ရုရှား၊ တရုတ်၊ ပြင်သစ်၊ အမေရိကန်နဲ့ ဗြိတိန်တို့ အပါအဝင် အဖွဲ့ဝင် ၁၅ နိုင်ငံအထိ တိုးလာခဲ့ပါတယ်။
Source-Reuters