၁၈၉ ကြိမ်မြောက် ကမ္ဘာ့အကြီးမားဆုံး ဘီယာသောက်ပွဲတော် အောက်တိုဘာဖက်စ် (Oktoberfest) ကို စတင်ကျင်းပနေပြီး လူထောင်ပေါင်းများစွာ ဝင်ခွင့်ရဖို့အတွက် တန်းစီ စောင့်ဆိုင်းခဲ့ကြပါတယ်။
ဂျာမနီနိုင်ငံမှာ နှစ်စဉ်ပြုလုပ်နေကျ ဒီပွဲတော်ကြီးကို စက်တင်ဘာ ၂၁ ရက်ကနေ အောက်တိုဘာ ၆ ရက်အထိ ၁၆ ရက်တာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဩဂုတ်လတုန်းက ဂျာမနီအနောက်ပိုင်း ဆိုလင်ဂန်မြို့မှာ ဓားနဲ့တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အောက်တိုဘာဖက်စ်ကိုလည်း လုံခြုံရေးအရ ပိုမိုတင်းကျပ်တာမျိုး ရှိခဲ့ပါတယ်။
ဘာဗေးရီးယန်းပြည်နယ်ရဲ့ မြို့တော် မြူးနစ်မှာ ဒေသစံတော်ချိန် မနက် ၉ နာရီကတည်းက ဘီယာချစ်သူတွေနဲ ပြည့်နှက်နေခဲ့သလို ရိုးရာဝတ်စုံတွေနဲ့ စီတန်းလှည့်လည်ပွဲကိုလည်း အစဉ်အလာမပြတ် ထည့်သွင်းခဲ့ပါတယ်။
ဒါ့အပြင် ယာယီဆောက်လုပ်ထားတဲ့ တဲပေါင်း ၁၈ ခုမှာ ရဲအရာရှိ ၆၀၀ နဲ့အတူ လုံခြုံရေးဝန်ထမ်း အယောက် ၁,၅၀၀ လောက်က လာရောက်လည်ပတ်သူတွေကို အကူအညီပေးသွားမှာ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားမှုကြောင့် ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်တွေမှာ အာဏာပိုင်တွေက ပွဲကိုရပ်နားထားခဲ့ပြီး ၂၀၂၂ ကျမှ တဖန်ပြန်ဖွင့်ပေးခဲ့တာပါ။
ဒီနှစ်ပွဲတော်ကတော့ ကမ္ဘာလှည့်ခရီးသည်ပေါင်း ၆ သန်းနီးပါး လာရောက်နိုင်တယ်လို့ မျှော်မှန်းထားပြီး တရက်ကို လူဦးရေ ၆ သိန်းအထိ များပြားတတ်ပါတယ်။
အောက်တိုဘာဖက်စ် ပွဲတော်ဟာ ဘာဗေးရီးယန်း အိမ်ရှေ့စံမင်းသားနဲ့ ဇနီးသည်ဖြစ်သူ မင်းသမီးတို့ရဲ့ မင်္ဂလာပွဲအတွက် ဂုဏ်ပြုတဲ့အနေနဲ့ မြင်းပြိုင်ပွဲတခုအဖြစ် စတင်ကျင်းပခဲ့တာပါ။
အဲဒီနောက် တော်ဝင်စုံတွဲရဲ့ ၂၅-နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့အပေါ် အစွဲပြုပြီး အလှပြချီတက်ပွဲကို ၁၈၃၅ ခုနှစ်တုန်းက ပထမဆုံး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
Source-Reuters