လွန်ခဲ့တဲ့ ဩဂုတ်လအတွင်း ဂျာမနီနိုင်ငံက ဆိုလင်ဂန်မြို့ငယ်လေးမှာ လူ ၃ ယောက် သေဆုံးခဲ့တဲ့ ဓားနဲ့တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် နယ်စပ်စစ်ဆေးမှုတွေကို တိုးချဲ့တော့မှာ ဖြစ်ပါတယ်။
အဲဒီဓားထိုးမှု ဖြစ်ပွားပြီးချိန်ကတည်းက လူဝင်မှုကြီးကြပ်ရေးအပေါ် တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့အတွက် အစိုးရကို ဖိအားပေးလာကြတာ ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုအတွက် သံသယရှိသူဟာ ခိုလှုံခွင့်လျှောက်ထားမှု ပယ်ချခံထားရတဲ့ ဆီးရီးယားနိုင်ငံသားတယောက် ဖြစ်သလို အစ္စလာမ္မစ်နိုင်ငံတော် IS အဖွဲ့ဟာလည်း သူတို့လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း အတည်ပြုပါတယ်။
ဆိုလင်ဂန် အကြမ်းဖက်မှုဖြစ်ရပ်ကြောင့် ဂျာမနီအဓိပတိ အိုလာ့ဖ် ရှို့လ်ဇ် အစိုးရက ရွှေ့ပြောင်းအခြေချမှု တင်းကျပ်ရေး အစီအမံများစွာကို ကြေညာခဲ့ပါတယ်။ အဲဒီနောက် အာဏာရပါတီ SPD နဲ့အတူ အခြားအဓိကကျတဲ့ ပါတီကြီးတွေဟာ ပိုမိုတင်းမာတဲ့ ရပ်တည်ချက်ကို မဲဆန္ဒရှင်တွေက အလိုရှိနေကြပြီလို့ ရှုမြင်ခဲ့ကြပါတယ်။
ဂျာမနီပြည်ထဲရေးဝန်ကြီး နန်စီ ဖေဆာ ကတော့ အခုလိုမျိုး တင်းကျပ်မှုအရ အစ္စလာမ္မစ် အစွန်းရောက်တွေနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို လျော့ကျစေလိမ့်မယ်ဆိုပြီး မှတ်ချက်ပေးပါတယ်။
လာမယ့် စက်တင်ဘာ ၁၆ ရက်နေ့မှာ ဒီထိန်းချုပ်မှုအသစ်တွေကို စတင်ဆောင်ရွက်ဖို့ရှိပြီး ကနဦးအနေနဲ့ကတော့ ၆ လကြာမြင့်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဂျာမနီနိုင်ငံဟာ ချက်၊ ပိုလန်၊ ဆွစ်ဇာလန်၊ ဩစတြီးယား တို့နဲ့ ထိစပ်နေတဲ့ အရှေ့ပိုင်းနဲ့ တောင်ပိုင်းက နယ်နိမိတ်တွေကို စစ်ဆေးမှုတင်းကျပ်နေပြီ ဖြစ်ပါတယ်။
အဓိကအားဖြင့် ကားလမ်းတွေနဲ့ ရထားလမ်းတွေမှာ စစ်ဆေးတာမျိုး ပြုလုပ်နေတဲ့အပြင် အလားတူစီမံချက်အတိုင်း နယ်စပ်ဂိတ်အားလုံးမှာပါ ဆက်လက်လုပ်ဆောင်မှာ ဖြစ်ပါတယ်။
ဒါဟာ လုံခြုံရေးထက်စာရင် နိုင်ငံရေးအရသာ ဖြစ်တယ်ဆိုပြီး လေ့လာသူတွေအနေနဲ့ ဝေဖန်ပြောဆိုကြပါတယ်။
လွန်ခဲ့တဲ့နှစ်တွေမှာလည်း ဂျာမနီအစိုးရ အစဉ်အဆက်က ခိုလှုံခွင့်တောင်းခံသူ အများအပြားကို ခွင့်ပြုပေးခဲ့ကြပါတယ်။
၂၀၁၅-၁၆ ဝန်းကျင်မှာ ဆီးရီးယားလိုမျိုး စစ်ဖြစ်ပွားနေတဲ့ နိုင်ငံတွေကနေ ထွက်ပြေးလာသူ ၁ သန်းကျော်နဲ့ ၂၀၂၂ ဖေဖော်ဝါရီလမှာ ရုရှားရဲ့ အလုံးစုံကျူးကျော်မှု စတင်ခဲ့ပြီးနောက် ယူကရိန်းနိုင်ငံသား ၁ ဒသမ ၂ သန်းကျော်ကို ဂျာမနီနိုင်ငံက လက်ခံထားတာ ဖြစ်ပါတယ်။
ဩစတြီးယား ပြည်ထဲရေးဝန်ကြီး ဂယ်ဟာ့တ် ကာနာ ကတော့ ဂျာမနီမှာ ခိုလှုံခွင့် ငြင်းပယ်ခံခဲ့ရတဲ့ ရွှေ့ပြောင်းအခြေချသူတိုင်းကို လက်ခံမှာမဟုတ်ကြောင်း ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။
Source-Reuters