Home
သတင်းဓာတ်ပုံ
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂတွင် ဆက်လက်တာဝန်ပေးရေး နယူးယောက်၌ ဆန္ဒပြ (ဓာတ်ပုံ) 
DVB
·
September 22, 2024

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂက ဆက်လက်ခန့်ထားရေးအတွက် အမေရိကန်ရောက် မြန်မာပြည်သူတွေက အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဒေသစံတော်ချိန် စက်တင်ဘာ ၂၁ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ဆန္ဒထုတ်ဖော်ပွဲကို နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်အနီးမှာ စတင်ခဲ့ပြီး မြို့လယ်ဧရိယာအတွင်းမှာ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေက လမ်းလျှောက်ချီတက် တောင်းဆိုခဲ့ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ ကိုယ်စားလှယ်အဖြစ် ၁ နှစ် ၁ ကြိမ် သက်တမ်းတိုးနေရတာဖြစ်ပြီး ဒီနှစ်မှာ ဆက်လက်ရွေးချယ်ခန့်အပ်မယ်ဆိုရင် ဦးကျော်မိုးထွန်းဟာ တော်လှန်ရေးကာလအတွင်း ၄ နှစ်ဆက် ကိုယ်စားလှယ်အဖြစ် ဆက်လက်တာဝန်ယူနိုင်မှာ ဖြစ်ပါတယ်။

နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ စက်တင်ဘာ ၁၀ ရက်ကစပြီး ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးကျင်းပနေတာပါ။

အခုနှစ် ဦးကျော်မိုးထွန်းကို တာဝန်ဆက်ပေး၊ မပေး ဆုံးဖြတ်နိုင်တဲ့ အဖွဲ့ဝင် ၉  နိုင်ငံနဲ့ ဖွဲ့ထားတဲ့ Credentials Committee  (အရည်အချင်း စစ်ကော်မတီ) ကို အင်တီဂွါနဲ့ ဘာဘူဒါ၊ ကာဘိုဗာဒီ၊ တရုတ်၊ ဒိုမီနီကာ၊ လာအို၊ လိုင်ဘီးရီးယား၊ မိုနာကို၊ ရုရှားနဲ့ အမေရိကန်ပြည်ထောင်စုတို့နဲ့ ဖွဲ့စည်းခန့်အပ်ထားပါတယ်။

အစည်းအဝေးကို သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေပြီး ညီလာခံပြင်ပ ဆွေးနွေးဝိုင်းတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးနဲ့ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ ပါဝင်ဆွေးနွေးနေကြပါတယ်။

ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ မြန်မာကိုယ်စားလှယ်အဖြစ် ၃ နှစ်ဆက်တိုက် ဆက်လက် ခန့်အပ်ခဲ့ပေမဲ့ ကုလသမဂ္ဂညီလာခံအစည်းအဝေးတွေမှာ ထဲထဲဝင်ဝင်ပါဝင် ဆွေးနွေးခွင့်တော့ မရခဲ့ပါဘူး။

သံအမတ်ကြီးဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံဆိုင်ရာ ကုလအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်အပ်ရေးတောင်းဆိုပွဲမှာ အမေရိကန်ပြည်ထောင်စု၊ ပြည်နယ်အသီးသီးကို ရောက်ရှိနေတဲ့ မြန်မာပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ စစ်အာဏာသိမ်းပြီး မကြာခင်မှာပဲ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပြီး ပြည်သူ့ဘက်က ရပ်တည်ခဲ့သူ ဖြစ်ပါတယ်။

ဦးကျော်မိုးထွန်းကို စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ လက်ရှိအချိန်အထိ မြန်မာနိုင်ငံဆိုင်ရာ ကုလကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်အပ်ထားပေမဲ့ အရေးပါတဲ့ ဆွေးနွေးချက်တွေမှာ ပါဝင်ဆွေးနွေးခွင့် မရခဲ့တာကြောင့် ပိုပြီး ထိထိရောက်ရောက် ဆွေးနွေးနိုင်မယ့် အသိအမှတ်ပြုမှုမျိုးကို ကုလဘက်က ပေးအပ်ဖို့ မြန်မာပြည်သူတွေက တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။

ဇေယျာချမ်းအေး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013