ဟစ်ဇ်ဘိုလာတပ်ဖွဲ့တွေနဲ့ အစ္စရေးအကြားမှာ တိုက်ပွဲတွေ အပြင်းအထန် ဆက်ဖြစ်နေတာမှာ ဟစ်ဇ်ဘိုလာတပ်ဖွဲ့တွေက အစ္စရေးနယ်မြေမြောက်ပိုင်း အတွင်းထဲအထိ ဒုံးကျည်တွေနဲ့ ဆက်ပစ်နေသလို အစ္စရေးကလည်း လက်ဘနွန်နိုင်ငံအတွင်းက ဟစ်ဇ်ဘိုလာပစ်မှတ်တွေကို အပြင်းထန်ဆုံး ဗုံးကြဲတိုက်ခိုက်နေပါတယ်။
ဟစ်ဇ်ဘိုလာ ဒုခေါင်းဆောင် နာအင်မ်ကာဆမ်က “ကျုပ်တို့ နောက်တခန်းကူးသွားပြီ။ ခေါင်းစဉ်က အဆုံးမရှိတဲ့ တိုက်ပွဲပါ” လို့ ပြီးခဲ့တဲ့အပတ်က ဘေရွတ်မြို့မှာ အသတ်ခံခဲ့ရတဲ့ ဟစ်ဇ်ဘိုလာတပ်မှူးတယောက်ရဲ့ စျာပနမှာ ပြောသွားပါတယ်။
အစ္စရေး ကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ် ဂါလန့်ထ် ကတော့ အစ္စရေးဘက်ခြမ်းနယ်စပ်က နေရာရွှေ့ပြောင်းထားရတဲ့ ပြည်သူတွေ ဘေးကင်းရန်ကင်း ပြန်လာနိုင်တဲ့အခြေအနေ ရောက်တဲ့အထိ စစ်ဆင်ရေး ဆက်လုပ်သွားမယ်လို့ ပြောထားပါတယ်။
တဖက်မှာဖြစ်နေတဲ့ အစ္စရေး-ဟားမတ်စ်စစ်ပွဲ အပစ်မရပ်မချင်း သူတို့လည်း ဆက်တိုက်မယ်လို့ ဟစ်ဇ်ဘိုလာတွေက ကြွေးကြော်ထားချိန်မှာ ဒီပဋိပက္ခဟာ ရေရှည်ဖြစ်လာမယ်လို့ ဂါလန့်ထ်က သုံးသပ်ပါတယ်။
အစ္စရေးစစ်တပ်ဟာ လာမယ့်ရက်ပိုင်းတွင်း အကောင်အထည်ဖော်မယ့် တိုက်ပွဲ နောက်တဆင့်အတွက် ကောင်းကောင်းပြင်ဆင်ထားတယ်လို့ စစ်ဦးစီးချုပ် ဟာဇီဟယ်လ်ဗီက ပြောပါတယ်။
ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့မှာ ဟစ်ဇ်ဘိုလာအဖွဲ့ဝင်တွေသုံးတဲ့ ဆက်သွယ်ရေး ပေဂျာစက်တွေနဲ့ ဝေါ်ကီတော်ကီတွေ ထောင်ချီ ပေါက်ကွဲခဲ့ပါတယ်။
အစ္စရေးလက်ချက်လို့ အများလက်ခံထားပေမဲ့ အစ္စရေးဘက်ကတော့ ဒီကိစ္စကို တရားဝင် အတည်မပြုသလို ငြင်းလည်း မငြင်းဆိုပါဘူး။
နောက်တရက်မှာတော့ အစ္စရေးက လက်ဘနွန်ကို အကြီးကျယ်ဆုံး ဗုံးကြဲတိုက်ခိုက်မှု ဆက်လုပ်ခဲ့ပါတယ်။
တိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာ ထိပ်တန်းခေါင်းဆောင်တယောက်နဲ့ တပ်မှူးတယောက် အပါအဝင် လူ ၄၅ ယောက် သေဆုံးခဲ့ပါတယ်။
စနေနေ့မှာလည်း အစ္စရေးက ဗုံးဆက်ကြဲခဲ့ပြီး ဟစ်ဇ်ဘိုလာတွေရဲ့ ဒုံးကျည် လောင်ချာ ထောင်ချီရှိတဲ့ ပစ်မှတ် ၂၉၀ ကို ပစ်မှတ်ထား ဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။
Source-Reuters