အစ္စရေးမြောက်ပိုင်းရှိ စစ်ဘက်အဆောက်အအုံတွေကို စက်တင်ဘာ ၂၄ ရက် မနက်ပိုင်းက ဟစ်ဇ်ဘိုလာက ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့လို့ လက်ဘနွန်နယ်စပ်အနီး အစ္စရေးမြောက်ပိုင်းမှာ လေကြောင်းရန် အချက်ပေး ဥဩဆွဲသံတွေ ဆူညံသွားပါတယ်။
လက်ဘနွန်နိုင်ငံမှာ ဟစ်ဇ်ဘိုလာပစ်မှတ်တွေကို အစ္စရေးက တိုက်ခိုက်ခဲ့လို့ စက်တင်ဘာ ၂၃ ရက်ဟာ ဆယ်စုနှစ်တွေအတွင်း လူသေဆုံးမှု အများဆုံးနေ့ဖြစ်ကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပြီး နောက်တရက် အင်္ဂါနေ့မှာ ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးကို တိုက်ခိုက်ခဲ့တာပါ။
အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့ဟာ အစ္စရေးနိုင်ငံအတွင်းကို ဒုံးကျည် ရာပေါင်းများစွာ ပစ်လွှတ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့ပြီး အစ္စရေး လေကြောင်းကာကွယ်ရေးတပ်တွေဟာ စက်တင်ဘာ ၂၃ ရက် နှောင်းပိုင်းက ဒုံးကျည် ပစ်လွှတ်မှုကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ပါတယ်။
ဟစ်ဇ်ဘိုလာဟာ ကီလိုမီတာ ၆၀ အကွာရှိ အစ္စရေးနိုင်ငံထဲကို ဖောက်ခွဲရေးပစ္စည်းစက်ရုံတခု အပါအဝင် အစ္စရေး စစ်ဘက်ဆိုင်ရာ ပစ်မှတ်အများအပြားကို တညလုံး ပစ်မှတ်ထားခဲ့ပြီး မနက် ၄ နာရီမှာ ဖာဒီ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဟစ်ဇ်ဘိုလာအဖွဲ့က ပြောပါတယ်။
အစ္စရေးမြောက်ပိုင်း အဖှူလာမြို့အနီးရှိ မယ်ဂစ်ဒို လေယာဉ်ကွင်းကိုလည်း တညတည်းမှာပဲ ၃ ကြိမ်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ဆိုပါတယ်။
ကီရ်ယတ်ရှမိုနာနဲ့ အဖှူလာ မြို့တွေမှာ ဝေဟင်မှ ဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားနိုင်ခဲ့တဲ့ အစီရင်ခံစာတွေ ရရှိခဲ့ကြောင်း အစ္စရေးရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ဧရိယာအနှံ့ လေကြောင်းရန်အချက်ပေး ဥသြသံတွေ လွှတ်တင်ခဲ့ပြီး အစ္စရေးပြည်သူတွေဟာ ခိုလှုံရာကို ပြေးသွားခဲ့ကြပါတယ်။ ထိခိုက်ဒဏ်ရာရရှိမှုကိုတော့ ချက်ချင်းသတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
တနင်္လာနေ့တုန်းက ရာနဲ့ချီတဲ့ ဟစ်ဇ်ဘိုလာ ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာမှာ လူပေါင်း ၅၀၀ နီးပါး သေဆုံးပြီး ထောင်သောင်းချီတဲ့ လက်ဘနွန်ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက လက်ဘနွန်ပြည်သူတွေကို သူတို့ရဲ့ နေအိမ်တွေကနေ ထွက်ခွာဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုအတိုကို ပေးပို့ထားပြီးသား ဖြစ်ပါတယ်။
အီရန် ကျောထောက်နောက်ခံပြုထားတဲ့ ရန်သူနဲ့ တနှစ်နီးပါးကြာ ပဋိပက္ခဟာ အရှိန်မြှင့်လာခဲ့ပြီးနောက် မကြာသေးမီရက်တွေအတွင်းမှာ ပိုမိုပြင်းထန်လာပြီးတော့ အစ္စရေးမြောက်ပိုင်းထဲအထိ နက်နက်ရှိုင်းရှိုင်း ဒုံးကျည်ပစ်ခတ်မှုတွေနဲ့ လက်ဘနွန်နိုင်ငံ တဝန်းမှာ ပြင်းထန်လာတဲ့ အစ္စရေး လေကြောင်းတိုက်ခိုက်မှုတွေနဲ့အတူ တင်းမာမှုတွေလည်း ပိုပြီး မြင့်တက်လာပါတယ်။
အစ္စရေးဟာ သူ့ရဲ့ တောင်ပိုင်းနယ်စပ် ဂါဇာမှာ ဟားမတ်စ်နဲ့စစ်ပွဲ တနှစ်နီးပါးကြာပြီးနောက်မှာ ဟားမတ်စ်အဖွဲ့ကို ထောက်ခံတဲ့ ဟစ်ဇ်ဘိုလာကလည်း အစ္စရေးထဲကို ဒုံးကျည်တွေနဲ့ ပစ်ခတ်နေတာကြောင့် အစ္စရေးဟာ သူ့ရဲ့ မြောက်ပိုင်းနယ်စပ်ဘက်ကိုလည်း စစ်မျက်နှာဖွင့်လာခဲ့တာ ဖြစ်ပါတယ်။
Source-Reuters