အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့၊ ရမ်ဘမ်ဆေးရုံက ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေဟာ အစ္စရေးနိုင်ငံ မြောက်ပိုင်းက ဒုံးကျည်နဲ့တိုက်ခိုက်နေတဲ့ ခြိမ်းခြောက်မှုကြောင့် စက်တင်ဘာ ၂၂ ရက်မှာ လူနာတွေနဲ့ ပစ္စည်းတွေကို မြေအောက်ကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
အစ္စရေးမြောက်ဘက်က ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်နေလို့ အပိုအကာအကွယ်ပေးတဲ့ နေရာတွေဆီ လွှဲပြောင်းဖို့ ညွှန်ကြားထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
လူနာအယောက် ၁,၀၀၀ ကို မြေအောက်ကိုပြောင်းရွှေ့ရာမှာ ဝန်ထမ်းအယောက် ၆,၂၀၀ ပါဝင်ခဲ့တယ်လို့ ဆေးရုံညွှန်ကြားရေးမှူးချုပ် မိုက်ကယ် ရိုဆန်သယ်က ရမ်ဘမ်ဆေးရုံရဲ့ မြေအောက်ကားပါကင် တတိယအဆင့်ကနေ သတင်းထောက်တွေကို ပြောပါတယ်။
မြေအောက်ဆေးရုံဟာ လူနာပေါင်း ၂,၂၀၀ လောက်ကို ပြုစုစောင့်ရှောက်ပေးနိုင်စွမ်း ရှိတယ်လို့လည်း သူကပြောပါတယ်။
အစ္စရေးနဲ့ လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာတို့ဟာ တနင်္ဂနွေနေ့က အပြင်းအထန် ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။
အစ္စရေး-ဟစ်ဇ်ဘိုလာ စစ်ပွဲ တနှစ်နီးပါးအတွင်း အစ္စရေးစစ်လေယာဉ်တွေက အပြင်းထန်ဆုံး ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အစ္စရေးမြောက်ပိုင်းဆီကို ဟစ်ဇ်ဘိုလာတွေက ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
ဂါဇာတောင်ပိုင်းဆီ နောက်ထပ် ထိုးစစ်ဆင်နေတဲ့ အစ္စရေးကို ရင်ဆိုင်နေရတဲ့ ပါလက်စတိုင်းတွေနဲ့ သွေးစည်းတဲ့လုပ်ရပ်လို့ ပြောရင်း ဟစ်ဇ်ဘိုလာက အစ္စရေးကို ပြီးခဲ့တဲ့ သီတင်းပတ် ဒုတိယ ရှေ့တန်းစစ်မျက်နှာ ဖွင့်ခဲ့ပြီး အဲဒီကတည်းက ပဋိပက္ခတွေ သိသိသာသာ ပြင်းထန်လာခဲ့ပါတယ်။
ဟစ်ဇ်ဘိုလာတွေရဲ့ ဒုံးပစ်လောင်ချာ စည်ပေါင်း ထောင်ပေါင်းများစွာ အပါအဝင် ပစ်မှတ် ၂၉၀ ဝန်းကျင်ကို စနေနေ့က တိုက်ခိုက်ခဲ့ပြီး နောက်ထပ် ဆက်ပစ်ခတ်သွားမယ်လို့ အစ္စရေးစစ်တပ်က ပြောခဲ့ပါတယ်။
Source-Reuters