အီရန်စစ်တပ်က ကျင်းပတဲ့ စစ်ရေးပြအခမ်းအနားမှာ နောက်ဆုံးပေါ် ပြည်တွင်းဖြစ် အတိအကျ ပစ်ခတ်တဲ့ တာဝေးပစ်ဒုံးကျည်နဲ့ ကာမီကာဇေးဒရုန်းတို့ကို စနေနေ့က ထုတ်ဖော်ပြသခဲ့တယ်လို့ အီရန်အခြေစိုက် ဖှား သတင်းဌာနက ဖော်ပြပါတယ်။
ဂျာဟဒ်လို့ နာမည်ပေးထားတဲ့ ပဲ့ထိန်းဒုံးကျည်နဲ့ ရှဟဒ်-136B လို့ နာမည်ပေးထားတဲ့ ဒရုန်းကို တီဟီရန် မြို့တော်တောင်ပိုင်းက အစ္စလာမ္မစ်သမ္မတနိုင်ငံတည်ထောင်သူ အာမန်း ခိုမေးနီရဲ့ ဂူဗိမာန်မှာ ပထမဆုံးအကြိမ် ပြသပါတယ်။
ဒီဖြစ်ရပ်ဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက ၈ နှစ်ကြာ အီရန်-အီရတ်စစ်ပွဲ အထိမ်းအမှတ်ဖြစ်တဲ့ မြင့်မြတ်တဲ့ကာကွယ်ရေးသီတင်းပတ်ရဲ့ အစပဲလို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
အစိုင်အခဲလောင်စာစွမ်းအင်သုံး ဂျဟဒ် ပဲ့ထိန်းဒုံးကျည်ဟာ ကီလိုမီတာ ၁,ဝဝဝ အကွာအဝေးက ပစ်မှတ်တွေကို တိကျပြတ်သားမှုရှိရှိ ပစ်ခတ်နိုင်ပါတယ်။
တာဘိုဂျက်အင်ဂျင်နဲ့မောင်းတဲ့ ရှဟဒ် 136B ဒရုန်းဟာ ကီလိုမီတာ ၂,၅၀၀ ကျော်အကွာက ပစ်မှတ်တွေကို ဖျက်ဆီးနိုင်ပြီး ဒုံးကျည်ကိုရော မောင်းသူမဲ့ဒရုန်းယာဉ်ကိုပါ အီရန် အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရဲ့ လေကြောင်း အာကာသတပ်ဖွဲ့က ဒီဇိုင်းရေးဆွဲ တီထွင်ခဲ့တာလို့ ဖှား သတင်းဌာနက ကြေညာပါတယ်။
အီရန်ဟာ အစ္စရေးအစိုးရကို သူ ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေရပ်တန့်ရေး တွန်းအားပေးနိုင်စွမ်း ရှိတယ်လို့ အီရန်သမ္မတ မာဆွတ်ဒ် ပေဇက်ရှ်ကီယံ က ချီတက်ပွဲမိန့်ခွန်းမှာ အလေးပေး ပြောပါတယ်။
“ကျနော်တို့ရဲ့နိုင်ငံကို ကာကွယ်တဲ့အပြင် အီရန်ဟာ ဒေသတွင်းနိုင်ငံတွေနဲ့ စည်းလုံးညီညွတ်ပြီး ငြိမ်းချမ်းတည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်တယ်ဆိုတာကို ကမ္ဘာကို ဒီနေ့ ကြေညာနိုင်ပါတယ်။ ပြီးတော့ ဒေသတွင်းနိုင်ငံတွေပေါင်းစည်းခြင်းအားဖြင့် အီရန်ဟာ သတ်ဖြတ်နေတဲ့ အစ္စရေး အစိုးရကို အမျိုးသမီးတွေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျူးလွန်နေတာတွေကို ရပ်တန့်ဖို့၊ အတင်းအကျပ် ဖိအားပေးနိုင်ပါတယ်” လို့လည်း သူက ပြောပါတယ်။
Source-Reuters