ဗင်နီဇွဲလား ပြည်သူ့ရေးရာဝန်ကြီးဌာနဟာ အာဂျင်တီးနားသမ္မတ ဟာဗီယာ မီလေ့နဲ့ တခြားအရာရှိ ၂ ယောက်ကို ဖမ်းဝရမ်းထုတ်ထားကြောင်း စက်တင်ဘာ ၁၈ ရက်မှာ ကြေညာခဲ့ပြီး အီရန်နဲ့ အချိတ်အဆက်ရှိတဲ့ အာဂျင်တီးနားက သိမ်းယူထားတဲ့ လေယာဉ်ကို ခိုးယူခဲ့ကြောင်း စွပ်စွဲထားပါတယ်။
ရှေ့နေချုပ် တာရက်ခ်ဆာ့ဘ်ဟာ သမ္မတ မီလေ့၊ သမ္မတရဲ့ အတွင်းရေးမှူး ကရီနာ မီလေ့နဲ့ လုံခြုံရေးဝန်ကြီး ပက်ထရစ်ရှာ ဘူးလ်ရစ်ချ် တို့အတွက် ဖမ်းဝရမ်းထုတ်ဖို့ သူ့အစိုးရရှေ့နေ ၂ ယောက်ကို တာဝန်ပေးအပ်ခဲ့တာပါ။
“မီလေ့ဟာ ဗင်နီဇွဲလား ဒီမိုကရေစီအဖွဲ့အစည်းကို စော်ကားဖို့ ခွေးတချို့ကို စေလွှတ်ခဲ့ပြီး သူဟာ ဗင်နီဇွဲလားပြည်သူတွေနဲ့ ဗင်နီဇွဲလားနိုင်ငံတို့ ပိုင်ဆိုင်တဲ့ လေယာဉ်တွေကို ခိုးယူတဲ့ နာဇီ ဖက်ဆစ်လက်သစ် သူခိုးတေယာက်ပဲ” လို့ ဗင်နီဇွဲလား ရှေ့နေချုပ် တာရက်ခ်ဆာ့ဘ်က မြို့တော် ကရာကာ့စ်ရှိ ပြည်သူ့ရေးရာဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
၂၀၂၂ ခုနှစ်က ဗျူနိုအေးရီးစ်မှာ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့တွေနဲ့ ချိတ်ဆက်နေကြောင်း သံသယရှိတဲ့ ဘိုးအင်း ၇၄၇-၃၀၀ လေယာဉ်ကို အာဂျင်တီးနားက သိမ်းယူခဲ့တာဖြစ်ပြီး အဲဒီလေယာဉ်ကို ဒီနှစ် ဖေဖော်ဝါရီလမှာ အာဂျင်တီးနားက အမေရိကန်ကို လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
ဗင်နီဇွဲလား အာဏာပိုင်တွေကတော့ ဒါဟာ အသိမ်းခံထားရတဲ့ လေယာဉ်ကို ခိုးယူမှုနဲ့ ပုံဖျက်ယူဆောင်မှုလို့ စွပ်စွဲထားပါတယ်။
အမေရိကန် တရားရေးဌာန (DOJ) ကတော့ အမေရိကန်လုပ် ဘိုးအင်း ၇၄၇-၃၀၀ လေယာဉ်ကို မနှစ်တုန်းက အီရန်ရဲ့ မာဟန် လေကြောင်းလိုင်းကနေ ဗင်နီဇွဲလား လေကြောင်းစက်မှုလုပ်ငန်းနဲ့ လေကြောင်းဝန်ဆောင်မှုလုပ်ငန်းစု (ကွန်ဗီယာဆာ) ရဲ့ တစိတ်တပိုင်းဖြစ်တဲ့ အမ်ထရာဆူရ် ကုန်တင်လုပ်ငန်းခွဲကို ရောင်းချလိုက်မှုဟာ အမေရိကန် ပို့ကုန်ဥပဒေတွေကို ချိုးဖောက်ခဲ့တာကြောင့် အဲဒီလေယာဉ်ကို အရေးယူခဲ့တာဖြစ်ကြောင်း ပြောပါတယ်။
Source-Reuters