Home
နိုင်ငံတကာ
ရုရှားဆီ ပဲ့ထိန်းဒုံးကျည် မပေးပို့ခဲ့ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးပြော
DVB
·
September 12, 2024
Photo-REUTERS / SOCIAL MEDIA WEBSITE

တီဟီရန်ဟာ ရုရှားဆီကို ဘာပဲ့ထိန်းဒုံးကျည်တွေကိုမှ ပေးပို့ခြင်း မရှိတဲ့အပြင် အမေရိကန်နဲ့ ဥရောပအင်အားကြီး အီးယူ ၃ နိုင်ငံတို့က အီရန်အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကလည်း သူတို့ကြားက ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘာ့စ်အရာ့ခ်ချီက စက်တင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။

အမေရိကန်၊ ဗြိတိန်၊ ဂျာမနီနဲ့ ပြင်သစ်တို့ဟာ မှားယွင်းတဲ့ ထောက်လှမ်းရေး အချက်အလက်နဲ့ မမှန်ကန်တဲ့ လော့ဂျစ်တွေပေါ် အခြေခံပြီး ပြုမူနေတာဖြစ်ကြောင်းနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေက အဖြေမဟုတ်ပေမဲ့ ပြဿနာရဲ့ တစိတ်တပိုင်းဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက X ပို့စ်မှာ ပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံဟာ အီရန်ဆီက ပဲ့ထိန်းဒုံးကျည်တွေကို လက်ခံရရှိထားပြီး ဒီရက်သတ္တပတ်တွေ အတွင်း ယူကရိန်းမှာ အသုံးပြုဖွယ်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောဆိုခဲ့ပြီး မော်စကိုနဲ့ တီဟီရန်တို့ကြား ပူးပေါင်းဆောင်ရွက်မှုဟာ ဥရောပလုံခြုံရေးကို ကျယ်ကျယ်ပြန့်ပြန့် ခြိမ်းခြောက်နေတယ်လို့လည်း ဆိုပါတယ်။

တီဟီရန်ကတော့ အမေရိကန်ရဲ့ ပြောဆိုချက်ကို “ရုပ်ဆိုးတဲ့ ဝါဒဖြန့်မှု” လို့ ခေါ်ဆိုခဲ့ပါတယ်။ အမေရိကန်၊ ဂျာမနီ၊ ဗြိတိန်နဲ့ ပြင်သစ်တို့ဟာ အီရန်နိုင်ငံရဲ့ အမျိုးသားလေကြောင်းလိုင်း အီရန်အဲရ်ကို အရေးယူမှုတွေ အပါအဝင် အီရန်အပေါ် ပိတ်ဆို့မှုအသစ်တွေကို အင်္ဂါနေ့က ချမှတ်ခဲ့ပါတယ်။

ကရင်မလင်နန်းတော်ကလည်း ရုရှားနိုင်ငံကို အီရန်က ဒုံးကျည်တွေ တင်ပို့ခဲ့တယ်ဆိုတဲ့ သတင်းတွေကို စက်တင်ဘာ ၁၁ ရက်မှာ ပယ်ချခဲ့ပြီး လက်နက်အမျိုးမျိုး လွှဲပြောင်းမှုတွေနဲ့ ပတ်သက်ပြီး အခိုင်အမာ ပြောဆိုနေမှုတွေဟာ အခြေအမြစ်မရှိဘူးလို့လည်း ပြောပါတယ်။

ရုရှားဟာ အပြန်အလှန် အကျိုးစီးပွားကို လိုလားကြတဲ့ နိုင်ငံများစွာနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကို့ဗ်က ပြောပါတယ်။

ယူကရိန်းမှာ အထူးစစ်ဆင်ရေး ဆက်လက်လုပ်ဆောင်ဖို့အတွက် ရုရှားစစ်တပ်မှာ လိုအပ်တာမှန်သမျှ ရှိတယ်လို့လည်း ပြောသွားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013