Home
နိုင်ငံတကာ
မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည်များ ပစ်လွှတ်
DVB
·
September 12, 2024
Photo-KRT

မြောက်ကိုရီးယားဟာ စက်တင်ဘာ ၁၂ ရက်က သူ့ရဲ့ အရှေ့ဘက်ကမ်းရိုးတန်းကနေ တာတိုပစ်ဒုံးကျည် အများအပြားကို ပစ်လွှတ်ခဲ့ပြီး ဒါဟာ ၂ လကျော်အတွင်း ပထမဆုံးအကြိမ် ပစ်လွှတ်မှုဖြစ်တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

ဂျပန် ကမ်းရိုးတန်းစောင့်တပ်ကလည်း မြောက်ကိုရီးယားက ပစ်လွှတ်တဲ့ ပဲ့ထိန်းဒုံးကျည်လို့ ယူဆရတဲ့ ဒုံးကျည်တခု ပြုတ်ကျလာတယ်လို့ ပြောပါတယ်။

သံသယဖြစ်ဖွယ် ဒုံးကျည်ကြောင့် ထိခိုက်ပျက်စီးမှုသတင်းတွေ မရရှိခဲ့ဘူးလို့ ဂျပန်အစိုးရ သတင်းရင်းမြစ်ကို ကိုးကားပြီး ကျိုဒိုသတင်းဌာနက ဖော်ပြပါတယ်။

“မြောက်ကိုရီးယားက တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေနဲ့ ရန်စမှုဟာ ကျနော်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုနဲ့ ဆန်းယုံ စစ်ရေးလေ့ကျင့်မှုတွေကို ဆန့်ကျင်တဲ့ တုံ့ပြန်မှုအဖြစ် ရှုမြင်ပြီးတော့ ရုရှားပညာရှင်တွေအတွက် စမ်းသပ်ဖို့ ရည်ရွယ်ချက်လည်း ဖြစ်နိုင်ပါတယ်” လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ် (JCS) ပြည်သူ့ရေးရာ ဒါရိုက်တာ ဗိုလ်မှူးကြီး အီဆွန်ဂျွန်းက စက်တင်ဘာ ၁၂ ရက်က ဆိုးလ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန် ရေတပ်သားတွေဟာ နှစ်စဉ်ပြုလုပ်နေကျ ဆန်းယုံ ကုန်းရေနှစ်သွယ် စစ်ရေးလေ့ကျင့်ခန်းကို မကြာသေးခင်ကဘဲ ပြုလုပ်ခဲ့တာပါ။

ပြုံယမ်းဟာ စက်တင်ဘာ ၁၂ ရက် မနက်ပိုင်းက အရှေ့ဘက်ကမ်းရိုးတန်းကနေ တာတိုပစ် ပဲ့ထိန်းဒုံးကျည် အများအပြား ပစ်လွှတ်ခဲ့မှုအပေါ် ဂျပန်အစိုးရက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။

မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် ၂ စင်းထက်မနည်းဟာ အမြင့် ၁၀၀ ကီလိုမီတာလောက် အထိနဲ့ ကီလိုမီတာ ၃၅၀ ကျော် အကွာအဝေးကို ပျံသန်းခဲ့ကြောင်း ဂျပန်အစိုးရအဖွဲ့ အတွင်းဝန် ယိုရှီမာဆာ ဟာယာရှီက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒုံးကျည်တွေဟာ ဂျပန်နိုင်ငံရဲ့ သီးသန့် စီးပွားရေးဇုန် အပြင်ဘက်ကို ဆင်းသက်ခဲ့ပုံရပြီး ထိခိုက်ပျက်စီးမှု သတင်းပေးပို့ခြင်း မရှိကြောင်း ဟာယာရှီက ပြောပါတယ်။

မြောက်ကိုရီးယားဟာ အလေးချိန် ၄ ဒသမ ၅ တန်ရှိ စူပါထိပ်ဖူးကြီးကို တင်ဆောင်နိုင်တဲ့ နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်သစ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ အခိုင်အမာ ပြောဆိုခဲ့တဲ့ ဇူလိုင် ၁ ရက်က ဒုံးကျည်တစင်းကို နောက်ဆုံး ပစ်ခတ်ခဲ့တာပါ။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက နျူလက်နက်တွေကို အချိန်မရွေး အမြဲအဆင်သင့် အသုံးပြုနိုင်အောင် ပိုမိုထုတ်လုပ်ဖို့ တိုက်တွန်းမှာကြားခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ ခုနောက်ဆုံးပစ်လွှတ်မှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024