Home
မြန်မာသတင်း
စစ်ကောင်စီသံအမတ်နှင့် တွေ့ဆုံခဲ့သည့် ဂွန်းဆန်မြို့ ဥပဒေပြုကောင်စီ ရှုတ်ချခံရ
DVB
·
September 11, 2024

စစ်ကောင်စီသံအမတ်၊ စစ်သံမှူးတို့ကို လက်ခံတွေ့ဆုံခဲ့တဲ့ ဂွန်းဆန်မြို့ ဥပဒေပြုကောင်စီကို ကိုရီးယားနိုင်ငံ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးအဖွဲ့ချုပ် အပါအဝင် အရပ်ဘက်အဖွဲ့အစည်း ၁၀၀ ကျော်က ကန့်ကွက်ရှုတ်ချစာတွေ ပေးပို့ခဲ့တယ်လို့ တောင်ကိုရီးယားရောက် မြန်မာ့အရေး လှုပ်ရှားသူတွေဆီက သိရပါတယ်။

ဂွန်းဆန်မြို့ ဥပဒေပြုကောင်စီအနေနဲ့ စစ်ကောင်စီသံအမတ်၊ စစ်သံမှူးတို့နဲ့ ပြီးခဲ့တဲ့လကုန်ပိုင်းက တွေ့ဆုံခဲ့ကြတာဖြစ်ပြီး အာဏာသိမ်းစစ်တပ်က ခန့်ထားတဲ့သူကို လက်ခံတွေ့ဆုံတဲ့အပေါ် ဝေဖန်ကန့်ကွက်ခံနေရတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်က အာဏာသိမ်းစစ်တပ်ကို ရှုတ်ချခဲ့တဲ့ ဂွန်းဆန်မြို့ ဥပဒေပြုကောင်စီက အခုလို စစ်တပ်လက်အောက်ခံ ဝန်ထမ်းတွေနဲ့ အတူယှဉ်တွဲ ဓာတ်ပုံရိုက်ခြင်းမှာ လွဲချော်မှု ဖြစ်နေပြီး အဲဒီလို လုပ်ဆောင်တာဟာ စစ်ကောင်စီကို ထောက်ခံရာ ရောက်နေတယ်ဆိုပြီး ကန့်ကွက်စာတွေမှာ ဖော်ပြထားတယ်လို့ ကိုရီးယားသတင်းတွေက ဆိုပါတယ်။

အဲဒီလိုတွေ့ဆုံခဲ့တဲ့ ဂွန်းဆန်မြို့ ဥပဒေပြုကောင်စီအနေနဲ့ ကိုရီးယားနေ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အပါအဝင် ကိုရီးယားပြည်သူတွေကို ပြန်လည်တောင်းပန်ဖို့ကိုလည်း တောင်းဆိုထားကြပါတယ်။

ကိုရီးယားရောက် မြန်မာ့အရေးလှုပ်ရှားသူတယောက်က “တွေ့တာက ပြီးခဲ့တဲ့လကုန်ပိုင်းက၊ အဲဒါကို ကိုရီးယားသတင်းဌာနတွေက သိသွားပြီး ဖော်ထုတ်ရေးရာကနေ ပွက်လောရိုက်သွားတယ်။ အဖွဲ့အစည်းတွေက သိပြီး ဒီရက်ပိုင်း ကန့်ကွက်စာတွေ ပို့ကြတာ” လို့ ပြောပါတယ်။

အဲဒီလို စစ်ကောင်စီသံအမတ်နဲ့ စစ်သံမှူးတို့ကို တွေ့ဆုံတဲ့ကိစ္စနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးနဲ့ မြန်မာတော်လှန်ရေးအဖွဲ့အစည်း ၁၉ ခုတို့ကလည်း ဂွန်းဆန်မြို့ ဥပဒေပြုကောင်စီ ဥက္ကဋ္ဌဆီ ကန့်ကွက်စာ သီးခြားပေးပို့ထားတယ်လို့ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက ဆိုပါတယ်။

“မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခံရတာကို ဆန့်ကျင်ခဲ့တဲ့အထဲ ပါဝင်ခဲ့ဖူးပြီး အခုလို စစ်ကောင်စီခန့် တာဝန်ရှိသူကို လက်ခံတွေ့ဆုံရတဲ့အပေါ် နားမလည်နိုင်အောင် ဖြစ်ရကြောင်းနဲ့ စိတ်မကောင်းဖြစ်ရကြောင်း ကျနော်တို့က သံတမန်ဆန်ဆန် ရေးသားပေးပို့ခဲ့တာပါ။”

အဲဒီစာကို သက်ဆိုင်ရာ အစိုးရနဲ့ လွှတ်တော်ဆီလည်း ပေးပို့ပြီးဖြစ်တယ်လို့ မြန်မာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။

ဂွန်းဆန်မြို့ ဥပဒေပြုကော်မတီက စစ်ကောင်စီသံအမတ်နဲ့ စစ်သံမှူးတို့ကို အစိုးရအဆင့်အနေနဲ့ လက်ခံတွေ့တာ မဟုတ်ဘူးလို့ ကန့်ကွက်မှုတွေနဲ့ပတ်သက်ပြီး ပြန်လည်တုံ့ပြန်ထားတယ်လို့ ကိုရီးယားရောက် မြန်မာလူမှုအဖွဲ့အစည်းတွေဆီက သိရပါတယ်။

အဆိုပါ တွေ့ဆုံပွဲမှာ မြန်မာသံအမတ်နဲ့ စစ်သံမှူး၊ ဂွန်းဆန်းမြို့ကောင်စီ ဥက္ကဋ္ဌ ဂင်အူမင်၊ စီးပွားရေးနှင့် ဆောက်လုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဂျီဟဲဂျွန်၊ ကောင်စီဝင် ဘတ်ဂယောင်းထဲ အပါအဝင် ဘုန်းတော်ကြီး ဟဲယွန်းတို့ တက်ရောက်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

တွေ့ဆုံပွဲမှာ ကိုရီးယား-မြန်မာ နှစ်နိုင်ငံကြား ခင်မင်ရင်းနှီးမှု ရေရှည်တည်တံ့ မြှင့်တင်စေရေး နှစ်ဖက်အမြင်တွေနဲ့ ယဉ်ကျေးမှု နှီးနှောဖလှယ်ရေးတွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ၂၀၂၃ နိုဝင်ဘာလကလည်း စစ်ကောင်စီ အကြီးတန်းဝန်ထမ်းကို ဆုပေးအပ်ခဲ့တဲ့ ကိုရီးယားစီးပွားရေးအဖွဲ့အစည်းကို မြန်မာနဲ့ ကိုရီးယား ပြည်သူတွေ ကန့်ကွက်ခဲ့တာကြောင့် ဆုပေးပြီး တပတ်အကြာမှာ အဲဒီဆုကို ပြန်လည်ရုပ်သိမ်းခဲ့ရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013