ကမ္ဘာကြီးပူနွေးလာမှု တိုက်ဖျက်ရေးအတွက် တောင်ကိုရီးယားအစိုးရက ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်ဖို့ တောင်းဆိုရင်း တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်မှာ ဆန္ဒပြသူ အယောက် ၃၀,၀၀၀ ကျော် စက်တင်ဘာ ၇ ရက်နေ့က စုဝေးခဲ့ကြပါတယ်။
အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ် ကျော်လွန်နေပေမယ့် ဆန္ဒပြသူ လူငယ် လူကြီးတွေက အခုနှစ်ထဲမှာ နိုင်ငံရဲ့ အကြီးမားဆုံးဆန္ဒပြပွဲကြီးမှာ ချီတက်ခဲ့ကြပြီး ဆိုးလ်မြို့လယ်မှာ ယာဉ်ကြောပိတ်ဆို့ခဲ့ပါတယ်။
ဆန္ဒပြပွဲကို 907 ရာသီဥတုဆိုင်ရာ တရားမျှတရေး ချီတက်ပွဲ အုပ်စုကော်မတီက စီစဉ်ခဲ့တာပါ။
နိုင်ငံရဲ့ ရာသီဥတုပြောင်းလဲမှုဥပဒေဟာ အခြေခံလူ့အခွင့်အရေးကို ကာကွယ်ဖို့ပျက်ကွက်ပြီး အနာဂတ်မျိုးဆက်တွေကို အကာအကွယ်ပေးမယ့် ပစ်မှတ်တွေ ကင်းမဲ့နေတယ်လို့ တောင်ကိုရီးယား ထိပ်တန်းတရားရုံးက ပြီးခဲ့တဲ့လက စီရင်ချက်ချပြီးတဲ့နောက်မှာ ခုလို ဆန္ဒပြတာလည်း ဖြစ်ပါတယ်။
၂၀၅၀ ခုနှစ်မှာ ကာဗွန်ထုတ်လွှတ်မှုနဲ့ စုပ်ယူမှု မျှတဖို့ ရည်မှန်းထားတဲ့ တောင်ကိုရီးယားဟာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို နှေးနှေးကွေးကွေး ကျင့်သုံးနေတဲ့ နိုင်ငံ ၂၀ ထဲမှာပါနေပြီး ဩစတြေးလျ ပြီးတဲ့နောက် အကြီးမားဆုံး ကျောက်မီးသွေးသုံးပြီး လေထုညစ်ညမ်းအောင် လုပ်သူ နိုင်ငံ ဖြစ်နေပါတယ်။
ဆန္ဒပြသူတွေဟာ ကာဗွန်ထုတ်လွှတ်မှုအတွက် တာဝန်ရှိတယ်လို့ သူတို့အုပ်စုက အပြစ်တင်တဲ့ ကော်ပိုရေးရှင်းကြီးများစွာက သူတို့အသံတွေကို ကြားနိုင်ဖို့ အခုနှစ်မှာ နာမည်ကြီး ဂမ်းနမ်ရပ်ကွက်က ငွေကြေးနဲ့ ဈေးဝယ်ဧရိယာကို ရွေးချယ်ဆန္ဒပြခဲ့တယ်လို့ ဆန္ဒပြပွဲဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ကင်မ်အွန်းဂျွန် က ပြောခဲ့ပါတယ်။
Source-Reuters