ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ဟာ မြောက်ကမ္ဘာခြမ်းမှာ အပူပြင်းဆုံး နွေရာသီအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ကမ္ဘာ့သမုဒ္ဒရာတွေရဲ့ မျက်နှာပြင်ဟာ ဒိအရင်နှစ် ဇန်နဝါရီလတွေမှာ တင်ခဲ့တဲ့ စံချိန်တွေထက် အခု ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှာ ပိုမို ပူနွေးလာခဲ့ပါတယ်။ အခုနှစ်ကုန်အရောက်မှာတော့ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနဲ့ ဆက်စပ်တဲ့ သေဆုံးမှုဟာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ၄ သန်းကျော်အထိ ရှိလာနိုင်တဲ့အကြောင်း ခန့်မှန်းချက်တခုအရ သိရပါတယ်။
လူသားတွေရဲ့ လုပ်ရပ်ကြောင့် ဖြစ်ပေါ်လာတဲ့ ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးဆက်တွေနဲ့ လတ်တလော ဖြစ်ပျက်မှုတွေဟာ ဘယ်တုန်းကမှ ရှင်းရှင်းလင်းလင်း မရှိခဲ့ပါဘူး။ တဖက်မှာလည်း ရာသီဥတုပြောင်းလဲမှုကနေ မြစ်ဖျားခံလာတဲ့ သဘာဝဘေးအန္တရာယ်တွေအကြောင်း အစီရင်ခံ တင်ဆက်နေတဲ့ သတင်းသမားတွေ ကိုယ်တိုင်က သတင်းထုတ်ပြန်ရာမှာ လျှော့ပေါ့ ဝေဖန် ထုတ်ပြန်နေကြဆဲ ဖြစ်ပါတယ်။
သတင်းသမားတွေဟာ ရာသီဥတုပြောင်းလဲမှု သတင်းတွေနဲ့ ပတ်သက်ရင် အတိအလင်း ထုတ်ဖော် တင်ပြကြလေ့မရှိသလို လူသားတွေ ရုပ်ကြွင်းလောင်စာ သုံးစွဲနှုန်း မြင့်တက်လာမှု၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီတွေရဲ့ သွေးထိုးနေမှု စသဖြင့် ရာသီဥတုပြောင်းလဲမှုရဲ့ နောက်ကွယ်က မူလလက်သည်တရားခံကို ထုတ်ဖော် တင်ပြကြတယ်ဆိုတာ အတော့်ကိုပင် ခပ်ရှားရှား ဖြစ်ပါတယ်။
သတင်းစာဆရာတွေဟာ အငြင်းပွားဖွယ်ရာ ကိစ္စတွေကို တင်ပြကြတဲ့အခါမှာ ကြားနေဝါဒကို လက်ကိုင်ထားကြပါတယ်။ ဒါပေမဲ့ တဖက်က သက်သေအထောက်အထားအပေါ် အားကိုးနေပြီး တခြားတဖက်က လုပ်ဇာတ်တွေ ဖန်တီးနေချိန်မှာ မျှတမှုဆိုတဲ့ ကတိကဝတ်ကို ပုံဖော်နိုင်ဖို့ဆိုတာ ကုန်ကျစရိတ် အရင်းအနှီး ကြီးလာခဲ့ပါတယ်။
ဒီလိုနဲ့ သတင်းမီဒီယာဌာနကြီးတွေဟာ သိပ္ပံသတင်း အကြောင်းအရာတပုဒ်မှာ ဘာတွေပါသင့်တယ် ဆိုတာကို နိုင်ငံရေးရှုထောင့်ကနေပါ လွှမ်းခြုံနိုင်ဖို့အထိ လုပ်ဆောင်စေခဲ့ရပြီး အကျိုးဆက်အနေနဲ့ တုံ့ပြန်မှုတွေ လုပ်ဆောင်ဖို့ နှောင့်နှေး ကြန့်ကြာစေတဲ့အတွက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အရေးပေါ်အခြေအနေဟာ အခုအခါမှာတော့ တဖြည်းဖြည်းနဲ့ စိုးရိမ်ရေမှတ်ကို ရောက်လာခဲ့ပါတယ်။
စာနယ်ဇင်းသမားတွေရဲ့ ကြားနေဝါဒဆိုတာဟာ ဘယ်ဟာက မှန်တယ်၊ မှားတယ်၊ အရေးကြီးတာ မကြီးတာ၊ သာမန်နဲ့ သာမန်မဟုတ်တဲ့ အခြေအနေ စတဲ့ သတင်းသမားကျင့်ဝတ် တန်ဖိုးတွေနဲ့ စစ်ထုတ်ထားတဲ့ ရွေးချယ်မှုတွေမရှိဘဲ သတင်းအကြောင်းအရာတပုဒ်ကို ချဉ်းကပ်ခြင်းလို့ မှတ်ယူရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ ကာလကြာ သတင်းတင်ပြပုံ စံသတ်မှတ်ချက်ဟာ အထင်အမြင်မှားခြင်းတခုသာ ဖြစ်ပါတယ်။
လက်ယာယိမ်းသမားတွေဟာ ရှင်းလင်းပြတ်သားတဲ့ သိပ္ပံပညာရဲ့ သရုပ်ဖော်ပြမှုနဲ့ အဆိုးမြင်ဝါဒီသမားတွေအတွက် နှစ်ဦးနှစ်ဖက် သာတူညီမျှဖြစ်အောင် အတင်းအကျပ် တောင်းဆိုခြင်းအားဖြင့် သတင်းတင်ပြမှုကို ကြိုးကိုင် ချယ်လှယ်နိုင်ဖို့အတွက် ဘက်လိုက်ခြင်းဆိုတဲ့ ခေါင်းစဉ်တပ်ပြီး အကြောက်တရားလက်နက်ကို တပ်ဆင်ပေးခဲ့ကြပါတယ်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အမေရိကန် သတင်းစာဆရာမကြီး Amy Westervelt က ပိုမို ဆိုးရွားလာတဲ့ တောမီးလောင်ကျွမ်းမှုတွေအကြောင်း ရေးသားထားတဲ့ သတင်းထဲက လူတွေရဲ့ လုပ်ရပ်ကြောင့် သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ဖော်ပြထားတဲ့ ရည်ညွှန်းချက်တွေကို ဖြုတ်ပစ်လိုက်တဲ့ အယ်ဒီတာတွေ သူ့မှာ ရှိခဲ့ဖူးတဲ့အကြောင်း၊ သူတို့က အဲဒီသတင်းကို နိုင်ငံရေးနဲ့ သက်ဆိုင်သွားမှာ မလိုလားကြတဲ့အကြောင်း သူ့ရဲ့ Drilled podcast အစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။
သတင်းထောက်တွေအနေနဲ့ နားလည်ရခက်ခဲပြီး စံသတ်မှတ်ထားတဲ့ ကြားနေဝါဒကို အလုံးစုံ မျက်စိမှိတ် ယုံကြမယ်ဆိုရင် ကိုယ့်ရဲ့ ဂုဏ်သိက္ခာသာမက အလုပ်ပါ ဆုံးရှုံးရနိုင်ပါတယ်။ နောက်ပြီး ဒါဟာ ပြည်သူကို မျက်နှာမူပြီး အမှန်တရားကို အသက်လို တန်ဖိုးထားရမယ့် သတင်းသမားတွေရဲ့ ကိုယ်ပိုင်ကျင့်ဝတ်တွေကို ချိုးဖောက်ရာ ရောက်စေတဲ့အပြင် သတင်းလိုက်ရာမှာလည်း အမှားကြာ အမှန်ဖြစ် ဆိုသလို ကိုယ်သံယယရှိနေတဲ့ အရာတွေက အမှန်ဖြစ်သွားတာမျိုးတွေ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
ဒီ ကြားနေဝါဒ စံသတ်မှတ်ချက်ကို အခွင့်ကောင်းယူပြီး ၂၀ ရာစုနှောင်းပိုင်းမှာ ရုပ်ကြွင်းလောင်စာ အသုံးပြုမှု လိုလားတဲ့ နိုင်ငံရေးသမားတွေရဲ့ နားထောင်ကောင်းရုံ သက်သက် ပြောဆိုချက်တွေကို ထောက်ခံကာ သိပ္ပံဆိုင်ရာ နည်းလမ်းနဲ့ ကိုက်ညီမှုမရှိတဲ့ ယုံကြည်မှုတွေကို အများလက်ခံအောင် လုပ်ဆောင်တဲ့ လှုပ်ရှားမှုတခုကြောင့် သတင်းထောက်တွေဟာ မြင့်တက်လာတဲ့ ရာသီဥတုပြောင်းလဲမှု အန္တရာယ်တွေနဲ့ ပတ်သက်တဲ့ မျက်မြင်အမှန်တရားတွေနဲ့ ရာသီဥတုပြောင်းလဲမှုဟာ လှိမ့်လုံးတခု ဒါမှမဟုတ် ပူးပေါင်း ကြံစည်မှုတခု ဖြစ်တယ်ဆိုတဲ့ အဆိုးမြင်ဝါဒီသမားတွေရဲ့ ပြောဆိုချက်တွေကြား ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဖြစ်အောင် ဟန်ချက်ညီစေဖို့ နှစ်ပေါင်းများစွာကြာ အချိန်တွေ အကျိုးမဲ့ ကုန်ဆုံးခဲ့ရပါတယ်။
အမေရိကန် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာရေးဌာနမှ ထိပ်တန်းပညာရှင် Max Boykoff က ၁၉၉၅ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်တဲ့ သတင်းထုတ်ပြန်ချက်တွေကို လေ့လာမှုတရပ် လုပ်ဆောင်ခဲ့ရာမှာ သတင်းထောက်တွေအနေနဲ့ သိပ္ပံဆိုင်ရာ အခြေခံသဘောတရားကို ရှင်းရှင်းလင်းလင်း ဖော်ပြဖို့ ပျက်ကွက်ခဲ့တာကို တွေ့ရှိခဲ့ပါတယ်။ ရလဒ်အနေနဲ့ ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး မသေချာ မရေရာမှုနဲ့ အငြင်းပွားမှုတွေ ကျယ်လောင်စေခဲ့ပြီး ပြည်သူလူထုနဲ့ ပြည်သူ့ရေးရာ မူဝါဒတွေအထိပါ စိမ့်ဝင် ပျံ့နှံ့ခဲ့တယ်လို့ ဆိုပါတယ်။
အခုအခါမှာတော့ သတင်းစာဆရာတွေဟာ ကမ္ဘာပေါ်ရှိ သက်ရှိအားလုံးရဲ့ ကံကြမ္မာအပေါ် အကျိုးသက်ရောက်နိုင်တဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ရွေးချယ်မှုတခုနဲ့ ရင်ဆိုင်နေကြရပါတယ်။ အဲဒါကတော့ အမွှမ်းတင်ထားလွန်းတဲ့ ကြားနေဝါဒကို ဆက်လက်ကိုင်စွဲပြီး ရာသီဥတု ပြောင်းလဲမှုနဲ့ ပတ်သက်လို့ အမှန်တရားကို မျက်ကွယ်ပြုထားတဲ့ အဆိုးမြင်ဝါဒီသမားတွေနဲ့အတူ ဟန်ချက်ညီမှုကို ဆက်ထိန်းထားမလား ဒါမှမဟုတ် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အရေးပေါ်အခြေအနေကို ချက်ချင်း အရေးယူ ဆောင်ရွက်သွားရမယ့် အကြောင်းအရာတရပ် အနေနဲ့ ထုတ်ဖော်ရေးသားပြီး ပြည်သူတွေရဲ့ အမြင်သဘောထားတွေကို ထင်ယောင်ထင်မှား ဖြစ်စေတဲ့ ရှုပ်ထွေးမှုတွေ လျော့ပါးအောင် လုပ်ဆောင်သွားမလား စသဖြင့် ရွေးချယ်သွားကြရမှာပါ။
ရွေးချယ်စရာ လမ်းကြောင်းကိုတော့ Society of Professional Journalists (SPJ) ရဲ့ သတင်းစာဆရာအတွက် ထုတ်ပြန်ထားတဲ့ ကျင့်ဝတ်တွေထဲမှာ မြင်တွေ့နိုင်ပါတယ်။ SPJ ဟာ အမေရိကန်ရှိ သတင်းစာဆရာတွေကို ကိုယ်စားပြုတဲ့ ရာစုနှစ်သက်တမ်းကြာ အဖွဲ့အစည်းတခု ဖြစ်ပြီး ဩဇာလွှမ်းမိုးမှုကြီးမားတဲ့ ဒီကျင့်ဝတ်တွေကို ၂၀၁၄ ခုနှစ်မှာ ပြန်လည် ပြင်ဆင်ခဲ့ပါတယ်။
SPJ က ဖော်ပြထားတဲ့ အဓိကကျင့်ဝတ် ၄ ခုကတော့ အမှန်တရားကို ရှာဖွေပြီး တင်ပြရမယ်၊ အဲဒီလို တင်ပြတဲ့အခါမှာ ရပ်တည်ချက်ဟာ လွတ်လပ်ရမယ်၊ အမှီအခိုကင်းရမယ်၊ တာဝန်ယူမှု တာဝန်ခံမှု ရှိရမယ်၊ ပြီးတော့ ပွင့်လင်းမြင်သာမှုရှိပြီး ထိခိုက်မှုအန္တရာယ်ကို လျှော့ချနိုင်ရမယ်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။
ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်လို့ ကြည့်မယ်ဆိုရင် ထိခိုက်မှုအန္တရာယ် လျော့နည်းရေး ညွှန်ကြားချက်တွေဟာ သတိပြုခံရမှု အနည်းဆုံး ဖြစ်ပါတယ်။ ဒီအယူဝါဒဟာ ဘေးကင်းလုံခြုံရေး၊ ကျန်းမာပျော်ရွှင်မှုနဲ့ သတင်းအရင်းမြစ် တယောက်ချင်းစီရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေဟာ ဘေးအန္တရာယ် ကျရောက်နိုင်တယ်ဆိုတဲ့ သက်ဆိုင်မှုမရှိတဲ့ အခြေအနေတွေဆီရောက်အောင် သတင်းထောက်တွေကို လမ်းညွှန်စေခဲ့ပြီး ဖြစ်ပါတယ်။
ဥပမာပြောရရင် လိင်ပိုင်းဆိုင်ရာ စော်ကားခံရသူတဦးရဲ့ အထောက်အထားတွေကို ကာကွယ်တဲ့အနေနဲ့ ကျူးလွန်ခံရသူရဲ့ နာမည်ကို ဖော်ပြတာထက် ပွင့်လင်းမြင်သာမှု အနည်းငယ်နဲ့ အမှန်တရား အနည်းငယ်ကိုပဲ ချပြသလိုမျိုး ဖြစ်နေပါတယ်။ ဒီလိုဖြစ်ရပ်တွေမှာ သတင်းထောက်တွေဟာ ထိခိုက်မှုနည်းစေဖို့အတွက် အများအားဖြင့် အလွဲအမှားတွေ ပြုလုပ်တတ်ကြပါတယ်။
နောက်ပြီး ထိခိုက်မှုလျှော့ချရေး ဆိုတာကို သတင်းအရင်းမြစ် တယောက်ချင်းစီနဲ့ အကြောင်းအရာ တခုတည်းအပေါ်မှာပဲ အာရုံထားမယ်ဆိုရင် ဒါဟာ ကျဉ်းမြောင်းတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်ပြီး သတင်းထောက်တွေအနေနဲ့ လူ့အဖွဲ့အစည်း၊ လူ့အသိုက်အဝန်း တခုလုံးရဲ့ ကောင်းကျိုးချမ်းသာနဲ့ ဘေးကင်းလုံခြုံရေးကို ထည့်သွင်းစဉ်းစားခြင်းအားဖြင့် ထိခိုက်မှုကို လျှော့ချနိုင်ဖို့အတွက် ပိုမိုကျယ်ပြန့်တဲ့ တာဝန်ဝတ္တရားတွေကို ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ဒါမှသာ ကမ္ဘာပေါ်မှာ သက်ရှိတွေ ဆက်လက် ရှင်သန်နိုင်မယ့်အပြင် လျစ်လျူရှုခံရလုနီးပါး ဖြစ်နေတဲ့ သတင်းစာပညာဟာလည်း ရေရှည်တည်တံ့နိုင်မှာ ဖြစ်ပါတယ်။
အထူးသဖြင့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုကပ်ဘေးကို မျက်နှာလွှဲနေမယ်ဆိုရင် ကမ္ဘာပေါ်ရှိ လူမှုစီးပွားဘဝတွေကို အခြေခံကျကျ ပြန်လည်ဖွဲ့စည်းစေရလိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက မကြာသေးခင်က သတိပေး ပြောကြားထားပါတယ်။ အခုလို သတိပေးချက် ထွက်ပေါ်လာပေမဲ့လည်း သဘာဝဘေးနဲ့ပတ်သက်လို့ ချက်ချင်း အရေးတယူ လုပ်ဆောင်စရာ မလိုသေးဘူးလို့ တွေးထင်နေကြတဲ့ ခေတ်ရေစီးကြောင်း မီဒီယာတွေမှာ ရာသီဥတု ပြောင်းလဲမှုနဲ့ သက်ဆိုင်တဲ့ သတင်းဟာ တခါတရံမှာ ပါရုံမျှသာ ဖြစ်ပါတယ်။
အမေရိကန်သမိုင်းပညာရှင်ကြီး Howard Zinn ရေးခဲ့တဲ့ You can’t be neutral on a moving train ဆိုတဲ့ စာအုပ်ပါ နာမည်ကျော် စာသားလိုပါပဲ။ ပြေးနေတဲ့ ရထားပေါ်မှာ မင်း ကြားနေလို့ မရနိုင်ဘူးတဲ့။ ရာသီဥတုပြောင်းလဲမှုဟာ သေစေနိုင်လောက်တဲ့ ဦးတည်ရာကို ရွေ့လျားနေပြီ ဖြစ်တဲ့အတွက် မိုးမပြိုဘူး ပြိုခဲ့သော် ဆိုသလို ကြားနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
လက်ရှိမှာလည်း လူသားမျိုးနွယ်တွေ လိုက်ပါလာတဲ့ ရထားကြီးဟာ နေထိုင်ဖို့ မသင့်တော်တော့တဲ့ ကမ္ဘာကြီးဆီကို ဦးတည်ခုတ်မောင်းနေပြီဖြစ်တဲ့အတွက် ဘယ်သူကမှ အရှိန်လျော့အောင် မလုပ်ဘူးဆိုရင် ရထားကို ကိုယ်တိုင်မောင်းနှင်နေသလိုလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
သတင်းထောက်တွေအတွက် ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်တဲ့ ထိခိုက်မှုအန္တရာယ်ကို လျှော့ချနိုင်မယ့် နည်းလမ်းက တခုတည်းသာရှိပြီး အဲဒါကတော့ ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်သွားဖို့ပါပဲ။
ပယ်ရီပတ်ခ်
Ref: Zócalo Public Square/ Bangkok Post
-Journalists shouldn't be neutral on climate change By Perry Parks
(မီချီဂန်ပြည်နယ်တက္ကသိုလ် ဂျာနယ်လစ်ဇင်ကျောင်းမှ လက်ထောက်ပါမောက္ခ Perry Parks ရေးသားထားသည့် “Journalists shouldn't be neutral on climate change” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။