Home
နိုင်ငံတကာ
နာမည်ကြီးသတင်းဌာနက ဂျာနယ်လစ်များနှင့် အမေရိကန် ၉၂ ဦးကို ရုရှားပြည်ဝင်ခွင့်ပိတ်
DVB
·
August 29, 2024
Photo - Reuters

ဝေါလ်စထရိဂျာနယ်၊ နယူးယောက်ခ်တိုင်းမ်နဲ့ ဝါရှင်တန်ပို့စ်သတင်းဌာနက ဂျာနယ်လစ်တွေ အပါအဝင် အမေရိကန်နိုင်ငံသား  ၉၂ ဦးကို ရုရှားနိုင်ငံအနေနဲ့ ပြည်တွင်းဝင်ခွင့် ပိတ်လိုက်တယ်လို့ သိရပါတယ်။ 

ဒါဟာ အမေရိကန်နိုင်ငံရဲ့ တရားရေးဌာန၊ ဘဏ္ဍာရေးဌာနနဲ့ အာကာသတပ်ဖွဲ့က အစိုးရတာဝန်ရှိသူတွေ ပါဝင်တဲ့ ၉၂ ဦးစာရင်းကို ‘အပြီးတိုင်ပိတ်ပင်မှု’  ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

ဒါ့အပြင် ဟားဗတ်၊ ပစ်(တ်)ဘာ့ဂ်နဲ့ ဗာဂျီးနီးယားတက္ကသိုလ်က ပါမောက္ခတွေနဲ့အတူ ဆရာအများအပြားကိုပါ ရုရှားစာရင်းထဲမှာ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ 

ဝေါလ်စထရိဂျာနယ်ရဲ့ အယ်ဒီတာချုပ်နဲ့ CNN သတင်းဌာနရဲ့ စီနီယာအယ်ဒီတာ ၁ ဦး အပါအဝင် ရုရှားမှာထောင် ၁၅ လကျခံခဲ့ရပြီး ပြန်လွတ်လာခဲ့တဲ့ အမေရိကန်သတင်းထောက် ဂါ့ရှ်ကိုဗစ်ချ် တို့ဟာ ပြည်ဝင်ခွင့်ပိတ်တဲ့စာရင်းမှာ အဓိကပါဝင်လာတာ တွေ့ရပါတယ်။ 

“ရုရှားကြောက် (Russophobic) လမ်းစဉ်နဲ့အတူ မော်စကိုအပေါ် ဗျူဟာမြောက် အနိုင်ယူမယ်ဆိုတဲ့ ဘိုင်ဒင်အစိုးရ ကြေညာထားတဲ့ ရည်မှန်းချက်အပေါ် လက်တုံ့ပြန်မှု” ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ 

လာမယ့်အနာဂတ်မှာလည်း ရုရှားပြည်ဝင်ခွင့် ပိတ်ပင်မှုစာရင်းကို ထပ်ပြီးတိုးချဲ့ဖို့ရှိတယ်လို့ ဝန်ကြီးဌာနက ဖြည့်စွက်ပြောပါတယ်။ 

အဲ့ဒီထုတ်ပြန်ချက်ထဲမှာ ရုရှားဘက်က နိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားတွေ၊ မီဒီယာသမားတွေနဲ့ တခြားသူတွေကိုပါ အမေရိကန်ရဲ့ ကျယ်ပြန့်တဲ့ အရေးယူပိတ်ဆို့မှုအပေါ် ဝေဖန်ခဲ့ပြီး အမေရိကန်အာဏာပိုင်တွေရဲ့ သွေးရူးသွေးတန်းလုပ်ရပ်သာဖြစ်ကြောင်း ရှုတ်ချထားပါတယ်။ 

ဒီလိုမျိုး လုပ်ဆောင်မှုဟာ ပထမဆုံးအကြိမ် မဟုတ်သလို အမေရိကန်သမ္မတဟောင်း ဘားရတ်ခ် အိုဘားမား၊  နာမည်ကြီးအစီအစဉ်တင်ဆက်သူ စတီဖင် ကိုးလ်ဘတ် နဲ့ အထက်လွှတ်တော်အမတ် အများအပြားအပါအဝင် အမေရိကန် အယောက် ၅၀၀ လောက်ကိုလည်း ပြီးခဲ့တဲ့နှစ်တုန်းက ရုရှားပြည်ဝင်ခွင့် ပိတ်ပင်ခဲ့ဖူးပါတယ်။ 

ဝေါစထရိဂျာနယ်ကတော့ ရုရှားပြည်တွင်းထဲမှာ သတင်းပေးပို့သူမရှိတော့ကြောင်း ပြောဆိုထားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013