ရုရှား စက်မှုနဲ့ကုန်သွယ်ရေးဒု-ဝန်ကြီး ရိုမန်ချက်ကူရှို့ဗ်ဟာ မြောက်ကိုရီးယား ပြည်ပစီးပွားရေး ဆက်ဆံရေးဝန်ကြီး ယွန်းဂျောင်ဟိုနဲ့ သြဂုတ် ၂၇ ရက်က ပြုံယမ်းမြို့မှာ တွေ့ဆုံခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက သတင်းထုတ်ပါတယ်။
မြောက်ကိုရီးယားရဲ့ တရားဝင်သတင်းအေဂျင်စီ KCNA ကနေ ပံ့ပိုးတဲ့ ဗီဒီယိုထဲမှာ ချက်ကူရှို့ဗ်နဲ့ ယွန်းဂျောင်ဟိုတို့ဟာ မန်ဆူဒယ် စုဝေးခန်းမထဲမှာ တခြားအရာရှိတွေနဲ့အတူ ဆွေးနွေးကြတာ မြင်တွေ့ရပါတယ်။
ချက်ကူရှို့ဗ်ဟာ သြဂုတ် ၂၆ ရက်က ရုရှားကိုယ်စားလှယ်အဖွဲ့နဲ့အတူ ပြုံယမ်းကို ရောက်ရှိလာခဲ့ပြီး ဝန်ကြီး ယွန်းဂျောင်ဟိုနဲ့ ဓာတုစက်မှု ဒု၀န်ကြီး ဂင်မ်ဟွာဆစ်ခ် အပါအဝင် မြောက်ကိုရီးယား အရာရှိတွေနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့ ဆွေးနွေးခဲ့ကြောင်း KCNA သတင်းဌာနက ပြောပါတယ်။
မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့နှစ်အတွင်း ရုရှားနိုင်ငံနဲ့ ဆက်ဆံရေးကို သိသိသာသာ အဆင့်မြှင့်တင်ခဲ့ပြီး ၂ နိုင်ငံခေါင်းဆောင်တွေဟာ ထိပ်သီးအစည်းအဝေး ၂ ခုအတွင်း နယ်ပယ်အားလုံးမှာ ပိုပြီးအနီးကပ် ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း ကတိပြုခဲ့ကြပါတယ်။
Source-Reuters