Home
နိုင်ငံတကာ
ရုရှား၏ အကြီးဆုံးလေကြောင်းတိုက်ခိုက်မှုကြောင့် ယူကရိန်း ၇ ဦးသေဆုံး
DVB
·
August 27, 2024
Photo - Reuters

ရုရှားရဲ့ ကျူးကျော်စစ်ကာလအတွင်း အကြီးဆုံးလေကြောင်းတိုက်ခိုက်မှုနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ယူကရိန်းလေတပ်က ထုတ်ပြန်ပါတယ်။

ဩဂုတ် ၂၆ ရက်မှာ ယူကရိန်းနိုင်ငံတွင်းက ဒေသအများအပြားကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တချိန်တည်းတိုက်ခိုက်ခဲ့တာကြောင့် လူ ၇ ယောက်ထက်မနည်း သေဆုံးခဲ့သလို ဒါဇင်ချီ ဒဏ်ရာရခဲ့ပါတယ်။

လျှပ်စစ်ဓာတ်အားအခြေခံအဆောက်အအုံတွေကိုလည်း ထိမှန်ခဲ့ပြီး နေရာအနှံ့ ဓာတ်အားပြတ်တောက်ခဲ့သလို တနိုင်ငံလုံး လေကြောင်းရန်သတိပေးချက် ထုတ်ပြန်ပြီး ဘေးကင်းရာမှာ နေကြဖို့  ထုတ်ပြန်ထားပါတယ်။

ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံကို တိုက်ခိုက်ခဲ့ကြောင်း ရုရှားဘက်ကလည်း အတည်ပြုပါတယ်။

ဩဂုတ် ၂၆ ရက် တညလုံးနဲ့ ၂၇ ရက် မနက်ပိုင်းအထိ ရုရှားက ဒုံးကျည် ၁၂၇ စင်း၊ ဒရုန်း ၁၀၉ စင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်း လေတပ်ဦးစီးချုပ်က ထုတ်ပြန်ပါတယ်။

အဲဒီအထဲမှာ ဒုံးကျည် ၁၀၂ စင်းနဲ့ ဒရုန်း ၉၉ စင်းကို ယူကရိန်းဘက်က ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုအတွင်းမှာ အရာဝတ္ထုတခု အိမ်နီးချင်း နေတိုးအဖွဲ့ဝင် ပိုလန်နိုင်ငံထဲကို ရောက်လာတယ်လို့ ပိုလန်ဘက်က ထုတ်ပြန်ပါတယ်။

အဲဒီအရာဝတ္ထုဆိုတဲ့ဟာက ဒုံးကျည်မဟုတ်ပေမဲ့ ဒရုန်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါဟာ နေတိုးလေပိုင်နက်ကို ကျူးကျော်မှုဖြစ်တယ်လို့ နေတိုးတပ်ဖွဲ့က ရှုတ်ချထားပါတယ်။

မကြာသေးမီက ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်က အောင်မြင်မှုရနေတာကြောင့် စိတ်ဓာတ်တက်ကြွနေကြချိန်မှာ ရုရှားဘက်က  စိတ်ဓာတ်စစ်ဆင်ရေးအနေနဲ့ အခုလို စံချိန်တင် အင်အားပြ တိုက်ခိုက်တာဖြစ်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလအတွင်းက ဒုံးကျည်နဲ့ ဒရုန်း စုစုပေါင်း ၁၅၈ စင်းနဲ့ ယူကရိန်းနိုင်ငံတွင်းကို တိုက်ခိုက်ခဲ့မှုကို အရင်က အကြီးဆုံးလေကြောင်းတိုက်ခိုက်မှုလို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013