ရုရှားနဲ့ ယူကရိန်းတပ်တွေဟာ စစ်မျက်နှာအများအပြားမှာ တိုက်ပွဲပြင်းထန်နေပြီး ယူကရိန်းရဲ့ အရှေ့ပိုင်း မဟာဗျူဟာကျတဲ့ ထောက်ပို့မြို့ ပိုခရော့စ်မှာတော့ အခြေအနေ တင်းမာနေဆဲဖြစ်တယ်လို့ ယူကရိန်းဘက်က ထုတ်ပြန်ပါတယ်။
ရုရှားစစ်တပ်ဟာ အမေရိကန်လုပ် ဟိုင်းမားစ် ရော့ကတ် ၈ စင်းနဲ့၊ ဒရုန်း ၄၁ စင်းကို ပစ်ချနိုင်တယ်လို့ ရုရှားဘက်က ကြေညာပါတယ်။
ယူကရိန်းဘက်က ထုတ်ပြန်ချက်မှာတော့ ဩဂုတ် ၂၅ ရက် တနေ့တည်းမှာ ရှေ့တန်းစစ်မျက်နှာတွေမှာ တိုက်ပွဲ ၆၈ ပွဲအထိ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ယူကရိန်းနိုင်ငံ၊ ပိုခရော့စ်မြို့ နေရာအများအပြားမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပေမဲ့ မကျအောင် ထိန်းထားနိုင်ဆဲ ဖြစ်ပါတယ်။
တဖက်မှာလည်း ယူကရိန်းတပ်တွေဟာ ရုရှား ကက်စ်ဒေသထဲမှာ နောက်ထပ် ၁ ကီလိုမိတာကနေ ၃ ကီလိုမီတာထိ ထပ်တိုးနိုင်ခဲ့ပြီး ရပ်ရွာနှစ်ခု ထပ်သိမ်းနိုင်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ပြောပါတယ်။
ယူကရိန်းရဲ့ ကက်စ်ဒေသထိုးစစ်ဟာ “တရားမျှတတဲ့ငြိမ်းချမ်းရေး” ကို ရုရှားဘက်က လက်ခံလာအောင်လို့ ရည်ရွယ်တာဖြစ်တယ်လို့လည်း ဇလန်းစကီးက ပြောပါတယ်။
ယူကရိန်းစစ်ပွဲအကြောင်း သတင်းတင်ဆက်နေတဲ့ ရိုက်တာသတင်းဌာနက ဘေးကင်းရေးအကြံပေးအဖြစ် တာဝန်ယူထားတဲ့ ရိုင်ယန်အီဗန်စ် သေဆုံးခဲ့ပြီး ဂျာနယ်လစ် ၂ ယောက် ဒဏ်ရာရတယ်လို့ ရိုက်တာသတင်းအေဂျင်စီက ထုတ်ပြန်ပါတယ်။
ယူကရိန်းအရှေ့ပိုင်း ခရာမာတော့စ်မြို့က သတင်းအဖွဲ့ တည်းခိုနေတဲ့ ဟိုတယ်ကို ဒုံးကျည်ထိမှန်ခဲ့တာ ဖြစ်ပါတယ်။
၆ ယောက်ပါအဖွဲ့မှာ သတင်းထောက် ၂ ယောက်လည်း ဒဏ်ရာကြောင့် ဆေးရုံတင်ထားရပြီး တယောက် ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။
Source-Reuters