ပြင်သစ်မှာ ဖမ်းဆီးခံထားရတဲ့ တယ်လီဂရမ် စီအီးအို ပါဗယ်ဒူရော့ဗ်ကို ပြန်လွှတ်ပေးဖို့နဲ့ လူမှုကွန်ရက်ပေါ်မှာ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ကို ထောက်ခံကြဖို့ အီလွန်မတ်စ်ခ်နဲ့ ရောဘတ်ကနေဒီ ဂျူနီယာတို့က တိုက်တွန်းလိုက်ပါတယ်။
တသီးပုဂ္ဂလ သမ္မတလောင်းအဖြစ်က နုတ်ထွက်ပြီး ထရမ့်ပ်ကို ထောက်ခံလိုက်တဲ့ ရောဘတ်ကနေဒီ ဂျူနီယာကလည်း လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်ကို ကာကွယ်ဖို့ အရေးတကြီး လိုအပ်နေပြီလို့ X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
မတ်စ်ခ်က #FreePavel ဆိုတဲ့ စာသားနဲ့အတူ ပါဗယ်ကိုရပ်တည်တဲ့ပို့စ်တွေ သူပိုင်တဲ့ X လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။
တယ်လီဂရမ်ထူထောင်သူ ရုရှားနွယ်ဖွား ဘီလီယံနာ ပါဗယ်ဒူရော့ဗ်ဟာ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ အဇာဘိုင်ဂျန်နိုင်ငံကနေ ပြင်သစ်ကိုအလာ ပါရီမြို့ပြင် ဘူရှေးလေဆိပ်မှာ ဆင်းသက်ပြီး မကြာခင်ဘဲ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။
တယ်လီဂရမ်ဟာ EU ဥပဒတွေကို လိုက်နာဆောင်ရွက်နေပြီး စီအီးအို ဖြစ်သူဟာ ဘာမှ ဖုန်းကွယ်ထားစရာ မရှိသလို ဥရောပမှာ ဒီတိုင်း သွားလာနေသူ ဖြစ်တယ်လို့ တယ်လီဂရမ် ကုမ္ပဏီဘက်က ထုတ်ပြန်ပါတယ်။
တယ်လီဂရမ် ပလက်ဖောင်းကို အလွဲသုံးစားလုပ်သူတွေအတွက် ပလက်ဖောင်းကိုယ်တိုင်၊ ဒါမှမဟုတ် ပလက်ဖောင်းပိုင်ရှင်ကို စွပ်စွဲတာဟာ အဓိပ္ပာယ်မရှိဘူးလို့လည်း တယ်လီဂရမ်ဘက်က ထုတ်ပြန်ပါတယ်။
အကြမ်းဖက်အဖွဲ့တွေ၊ မူးယစ်ကုန်ကူးသူတွေ၊ လက်နက်ရောင်းဝယ်သူတွေ၊ လက်ယာစွန်း အစွမ်းရောက်အုပ်စုတွေက ဆက်သွယ်ဖို့၊ လူစုဖို့၊ သင်းဖွဲ့ဖို့ တယ်လီဂရမ် အပလီကေးရှင်းကို သုံးနေတာဖြစ်တဲ့အတွက် ကမ္ဘာတလွှားက ဥပဒေစိုးမိုးရေး အေဂျင်စီတွေက စောင့်ကြည့်နေတာ ကြာပြီဖြစ်ပါတယ်။
ဒူရော့ဗ်ဟာ လက်ရှိမှာ ပြင်သစ်နဲ့ ယူအေအီး နှစ်နိုင်ငံသား ခံယူထားသူ ဖြစ်ပါတယ်။ တယ်လီဂရမ်မှာ ထိန်းချုပ်ကြီးကြပ်ပေးတဲ့ moderator လုံလောက်စွာ မထားရှိမှု၊ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မပြုမှုတွေကြောင့် ပိုကျယ်ပြန့်တဲ့ ပြစ်မှုတွေ ဖြစ်ပေါ်စေမှုနဲ့ ရဲက ကနဦး စုံစမ်းစစ်ဆေးဖို့ ဖမ်းဆီးထားတာဖြစ်တယ်လို့ ပြင်သစ်ရဲသတင်းရင်းမြစ်တွေက ဆိုပါတယ်။
အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၅ ဘီလီယံ ကြွယ်ဝတဲ့ ဒူရော့ဗ်က သူ့ကို အစိုးရတွေက ဖိအားပေးနေပေမဲ့ ဘက်မလိုက်ပလက်ဖောင်းဖြစ်သာ တယ်လီဂရမ်ကို ထားရှိမှာဖြစ်တယ်လို့ ဧပြီလက ပြောကြားခဲ့ပါတယ်။
သုံးစွဲသူ သန်း ၁,၀၀၀ နီးပါးရှိတဲ့ တယ်လီဂရမ် အပလီကေးရှင်းဟာ ရုရှား၊ ယူကရိန်းနဲ့ ဆိုဗီယက်ပြည်ထောင်စုဝင် နိုင်ငံဟောင်းတွေမှာ ပိုပြီး ဩဇာကြီးပါတယ်။
ရုရှားနွယ်ဖွား ဒူရော့ဗ်ဟာ လူမှုကွန်ရက် VK မှာ စီအီးအိုဖြစ်ခဲ့ပြီး အတိုက်အခံခေါင်းဆောင် နာဗယ်လ်ညီရဲ့ ပေ့ချ်အပါအဝင် အတိုက်အခံအင်အားစုတွေရဲ့ စာမျက်နှာတွေကို ပိတ်ပစ်ဖို့ ငြင်းခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် VK စီအီးအိုအဖြစ်က အထုတ်ခံခဲ့ရပါတယ်။
ရုရှားမှာ ဖိအားပေးမှုတွေနဲ့ ကြုံခဲ့ရကတည်းက အချက်အလက်တွေကို လျှို့ဝှက်ကုတ်အဖြစ် ပြောင်းလဲထားတဲ့ မက်ဆေ့ဂချ်အက်ပ်တခုထုတ်ဖို့ အကြံရခဲ့သူဖြစ်ပါတယ်။
တယ်လီဂရမ်ကို ထူထောင်ခဲ့ပြီး မူလက ဘာလင်၊ နောက်ပိုင်း ဒူဘိုင်းမှာ ရုံးချုပ်ဖွင့်ပြီး လုပ်ကိုင်နေသူ ဖြစ်ပါတယ်။
Source-Reuters