Home
နိုင်ငံတကာ
ဒန်ညက်စ်ဒေသ ကျေးရွာများကို ထိန်းချုပ်နိုင်ပြီဟု ရုရှားကြေညာ၊ ပေါ့ခ်ရော့ဗ်စ်ခ်ဒေသ၌ တိုက်ပွဲပြင်းထန်
DVB
·
August 26, 2024
Photo-CCTV, CGTN

ယူကရိန်းအရှေ့ပိုင်း ဒန်ညက်စ်ဒေသက ရှေ့တန်းအခြေချစခန်း အများအပြားကို လွန်ခဲ့တဲ့ သီတင်းပတ်က ရုရှားတပ်တွေက ထိန်းချုပ်ထားပြီး ရုရှားနိုင်ငံအနောက်ပိုင်း ကာ့က်စ်ခ်နဲ့ ဘယ်ဂိုရော့ဒ် ဒေသတွေက ယူကရိန်းစစ်တပ် ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ရုရှားက အခိုင်အမာ ပြောပါတယ်။

အဲဒီနေ့မှာပဲ ယူကရိန်းတပ်ဖွဲ့တွေက နိုင်ငံအရှေ့ပိုင်း ပေါ့ခ်ရော့ဗ်စ်ခ် ဒေသထဲမှာ ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ဆက်လက်ချေမှုန်းခဲ့တယ်လို့ နှစ်ဖက်စလုံးက နောက်ဆုံးရသတင်းတွေက ဆိုပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ ဒန်ညက်စ်ဒေသထဲက ရွာ ၅ ရွာကို သိမ်းပိုက်နိုင်ခဲ့ပြီး ရှေ့တန်းမှာ ရုရှားတပ်ဖွဲ့တွေရဲ့ ခြေကုပ်ကို အားကောင်းအောင် လုပ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရုရှားတပ်ဖွဲ့ဝင်တွေဟာ စစ်လေယာဉ်ကွင်းတွေ၊ လက်နက်တိုက်တွေနဲ့ စစ်လေယာဉ်တွေ အပါအဝင် ယူကရိန်းစစ်တပ် ပစ်မှတ်တွေကိုလည်း တိုက်ခိုက်ခဲ့တယ်။ ဒါ့အပြင် ရုရှာ းလေကြောင်းရန်ကာကွယ်ရေး စနစ်တွေက ယူကရိန်းရဲ့ သင်္ဘောဖျက်ဒုံးကျည်တွေ၊ လေကြောင်းဗုံးတွေ၊ ဒုံးပျံတွေနဲ့ ဒရုန်းတွေကို ကြားဖြတ်ဟန့်တားခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

သောကြာနေ့က ကာ့က်စ်ခ်ဒေသမှာ ယူကရိန်းစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကို ရုရှားတပ်ဖွဲ့တွေက ချေမှုန်းခဲ့ပြီး ယူကရိန်း သံချပ်ကာယာဉ် အများအပြားကို ဖျက်ဆီးခဲ့ပါတယ်။

ကာ့က်စ်ခ်နဲ့ ဘယ်လ်ဂိုရော့ဒ် ဒေသနှစ်ခုလုံးက ဒရုန်းအများအပြားကိုလည်း ပစ်ချခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

သောကြာနေ့နှောင်းပိုင်းက ယူကရိန်းတပ်ဖွဲ့တွေဟာ ပေါ့ခ်ရော့ဗ်စ်ခ်ဒေသထဲမှာ အပြင်းထန်ဆုံးတိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ယူကရိန်းတပ်မတော် စစ်ဦးစီးချုပ်က သတင်းထုတ်ပြန်ပါတယ်။

ခဲယမ်းမီးကျောက်တွေ၊ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တွေ၊ တန်ပြန်ဒရုန်းသုံး ပစ္စည်းတွေနဲ့ သံချပ်ကာဒုံးကျည်တွေ အပါအဝင် ယူကရိန်းနိုင်ငံဆီ စစ်ရေးအကူအညီအသစ် တရပ်ကို အမေရိကန်က သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။

မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) ကလည်း ရုရှားနိုင်ငံကနေ ကီလိုမီတာ ၁၄၀ ပဲဝေးတဲ့ ဖင်လန်နိုင်ငံ အရှေ့တောင်ပိုင်းက မီကယ်လီဒေသမှာ အင်အား ၄,၀၀၀ ကနေ ၅,၀၀၀ ထိ သံချပ်ကာတပ်မဟာတခုကို တပ်ဖြန့်ဖို့ စီစဉ်နေပါတယ်။

ဒီတပ်ဖြန့်မှုဟာ ရုရှားအပေါ် ဟန့်တားမှုကို အားကောင်းစေဖို့ ရည်ရွယ်တယ်လို့ ဖင်လန်အစိုးရက ပြောပါတယ်။

ဖင်လန်ဟာ ၂၀၂၃ ခုနှစ် ဧပြီလမှာ NATO အဖွဲ့ထဲ ဝင်ပြီးကတည်းက နိုင်ငံအတွင်း မဟာမိတ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေ မြင့်တက်လာခဲ့ပါတယ်။

NATO ရဲ့ အဖွဲ့ဝင်အင်အား တိုးချဲ့မှုဟာ ရုရှားရဲ့ အမျိုးသားလုံခြုံရေးကို တိုက်ရိုက် ခြိမ်းခြောက်မှုအဖြစ် ရုရှားက မှတ်ယူထားပြီး လိုအပ်ရင် တန်ပြန်အရေးယူနိုင်တယ်လို့ သတိပေးထားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013